နေပြည်တော် ဇွန် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော “မျှစ်စိုက်ပျိုး ထုတ်လုပ်ရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်အခြေခံ၍ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း” ၏ “ဝါးပျိုးပင်ပေးအပ်ပွဲအခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာနစုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ် များ၊ပါမောက္ခချုပ်များ၊ ပျဉ်းမနားမြို့နယ်ရှိ မြသာ၊ အောင်ဘိသိတ်၊ ကိုးရွာ၊ သံတောင်ဘိုမ၊ နန်းလွင်ဆန်း၊ မြသီတာ၊ ဆိတ်ဖူးတောင်နှင့် လ္ဘက်တောင်ကျေးရွာများနှင့် လယ်ဝေးမြို့နယ်ဇလီငှက်ကြီးတောင် ကျေးရွာတို့မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ရေမြေရာသီဥတုသဘာဝအခြေခံကောင်းများကို ထိထိရောက်ရောက်အသုံးချပြီး သီးနှံအမယ်စုံစိုက်ပျိုး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသောမြေများတွင် နှစ်ရှည်အကျိုးအမြတ်ခံစားရနိုင်သည့် ဝါးစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုမိုးတွင်းကာလသည် ဝါးစိုက်ပျိုးရန်သင့်တော်သည့် ရာသီဥတုနှင့်အချိန်ကျရောက်ပြီဖြစ်၍ ဝါးပျိုးပင်များပေးအပ်မည်ဖြစ်ရာ ဝါးစိုက်ပျိုးမည့်တောင်သူများအနေဖြင့် ဝါးပျိုးပင်များကိုကောင်းစွာစိုက်ပျိုးစောင့်ရှောက်ပြီး ဖြစ်ထွန်းသောဝါးတောများအဖြစ် ရေရှည်တည်တံ့အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့ စိုက်ပျိုးထားသောဝါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလာမှုကိုအခြားတောင်သူများထံသို့ လက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဝါးပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဝါးစိုက်ပျိုးလိုသည့်ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များထံသို့ တစ်ဧကလျှင် ဝါးပျိုးပင် ၂၁၀ နှုန်းဖြင့် စိုက်ပျိုးဧရိယာ ၅၆ ဒသမ ၅ ဧကအတွက် ဝါးပျိုးပင် စုစုပေါင်း ၁၁၈၆၅ ပင်ကို ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံ များ၊ မျှစ်နှင့်ဝါးလက်မှုထုတ်ကုန်များ၊ ဝါးစိုက်ခင်းထူထောင်ခြင်းနှင့် ဝါးရုံများရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်