နေပြည်တော် ဇွန် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်နယ်၌ ပြုလုပ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံ၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ကုလားတန် (၂) ရေယာဉ်ဖြင့် ရောက်ရှိလာသော ဆန်များအား ဖွင့်ဖောက်စစ်အဖွဲ့မှ စိစစ်လက်ခံနေမှု၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကုန်တင်/ ကုန်ချအဖွဲ့များဖြင့် စားသုံးသူရေးရာဂိုဒေါင်သို့ စနစ်တကျထားရှိသိုလှောင်နေမှုများအား စနစ်တကျဖြစ်စေရေး၊ လေလွင့်မှုမဖြစ်ပေါ်စေရေး သွားရောက်ကြည့်ရှု ကြပ်မတ်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဘူးသီးတောင်မြို့ရှိ အလင်းရောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများကို ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်များ၊ ဆွမ်းဆန်တော်များ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ကျောင်းထိုင်ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မတူပီမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများကို ပြန်လည်ပြုပြင်နိုင်ရန်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ လှူဒါန်းခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးနှင့် တာဝန်ရှိသူများသည် မြို့မမှန်ကျောင်း ကျောင်းတိုက်ရှိ မြို့နယ်သံဃနာယက ဆရာတော်အရှင်သူမြတ်များထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။