Skip to main content

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၁၅

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ ပဲရုံကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရေချမ်းပြင်ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ မြို့မရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။