Skip to main content

နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်လေ့လာ

နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇွန် ၁၁ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ သဲသောင်ပြင်အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောဘုရားကြီး၊ ချောင်းသာမြို့ရှိ ကျောက်မောင်နှမစေတီ၊ တဂေါင်းဘုရား၊ လေးကျွန်းရန်အောင် ဖောင်တော်ဦးဘုရားတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာသဲဖြူကျွန်း၊ ရွှေသောင်ယံ၊ အဏ္ဏဝါသိပ္ပံ၊ ပုသိမ်ဟာလဝါလုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့သွားရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေ၌လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံးအားကစားများ ဆောင်ရွက်ခြင်း၊ နားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သံတွဲမြို့ရှိ မဒေးတောင်ဘုရား၊ ဆံတော်၊ အံတော်၊ နံတော် ဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပုလဲကျွန်း၊ ပေါင်ဝန်တံတား၊ ငပလီဈေး၊ ငပလီကမ်းခြေများ စသည့်အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။

 ထိုကဲ့သို့ ဇွန် ၁၁ ရက်မှ ယနေ့အထိ ၅ ရက်ကြာ အနားယူအပန်းဖြေခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များသည် ယနေ့တွင် စုရပ်နေရာများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ ပြန်လည်ရောက်ရှိကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဒေသအသီးသီးရှိ တန်ခိုးကြီးဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကိုလေ့လာခဲ့ကြပြီး ၎င်းတို့အတွက် လွန်စွာအကျိုးရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိသည်။