တွေ့ဆုံမေးမြန်း - ဝင်းဝင်း
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်း ကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-
မေး။ ။ မိုခါမုန်တိုင်း တိုက်ခတ်မှုနဲ့ပတ်သက်ပြီး ကနဦး လုပ်ငန်းကော်မတီရဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုကို ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ။ မေလ ၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့ လမ်းညွှန်ချက်နဲ့ မေလ ၉ ရက်နေ့မှာ လုပ်ငန်းစီမံချက်ကိုရေးဆွဲခဲ့ပါတယ်။ စီမံချက်အရရွေ့လျားအဖွဲ့ ခုနစ်ဖွဲ့နဲ့ စာရင်းပြုစုရေးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်။ လုပ်ငန်းကော်မတီအတွင်းရေးမှူးအနေနဲ့ မေလ ၈ ရက်နေ့ကစလို့ DMC မှာ နေ့စဉ်အစည်းအဝေးတက်ရောက်ပြီးလုပ်ငန်းကော်မတီနဲ့ စပ်လျဉ်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ မေလ ၉ ရက်နေ့ကစတင်ပြီး DMC မှာ ညွှန်ကြားရေးမှူးတစ်ဦး၊ ဒုတိယစာရင်းအင်းမှူး တစ်ဦးကို ရုံးထိုင်ဆောင်ရွက်စေခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းဝင်ရောက်နိုင်တဲ့ဒေသတွေရဲ့ အချက်အလက်တွေ ကြိုတင်ပြုစုတာ၊ ကောက်ယူမယ့်စာရင်းပုံစံပြုစုတာ၊ ပုံစံတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်း ကော်မတီတွေထံ ဖြန့်ဝေတာတွေဆောင်ရွက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post အဖွဲ့တွေမှာ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာရှိတဲ့ ဗဟိုစာရင်းအင်းအဖွဲ့ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ပျက်စီးမှုစာရင်းတွေ ကြိုတင်စာရင်းကောက်နိုင်ဖို့ မုန်တိုင်းမဖြစ်ခင်မုန်တိုင်းလမ်းကြောင်းသင့် ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေကို မေလ ၁၁ ရက်နေ့မှာစေလွှတ်ခဲ့ပါတယ်။ ဆက်လက်ပြီး မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေကို မေလ ၁၃ ရက်နေ့မှာစေလွှတ်ပြီး ပျက်စီးမှုစာရင်းကောက်ယူနိုင်ရေး ကြိုတင်ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ မုန်တိုင်းကြောင့် ထိခိုက်မှု အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို သိရှိလိုပါတယ်။
ဖြေ။ ။ ရခိုင်ပြည်နယ်ကို မေလ ၁၅ ရက်နေ့မှာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသွားရောက်ခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲပြီး ရွေ့လျားအဖွဲ့ဝင်တွေ၊ ရခိုင်ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ဌာနအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ စာရင်းကောက်ယူရေး အဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မေလ ၁၅ ရက်နေ့မှာ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)က ရန်ကုန်ကို စေလွှတ်ထားတဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ကို ဆက်လက်သွားရောက်ပြီး မြေပြင်စာရင်း ကောက်ယူနိုင်ရေးဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ကို မေလ ၁၆ ရက်နေ့ မှာ စစ်တွေမြို့ကို ထပ်မံစေလွှတ်ပြီး စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ရဲ့ မြေပြင်စာရင်းကောက်ယူရရှိတဲ့ အချက်အလက်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို နေ့စဉ်တင်ပြပါတယ်။
ဒီလုပ်ငန်းစီမံချက်အရ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ကို မေလ ၁၇ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး အဖွဲ့အသီးသီးက တာဝန်ယူရတဲ့မြို့နယ်တွေကို စာရင်းကောက်ယူဖို့ ထွက်ခဲ့ကြပါတယ်။ စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့က ရခိုင်ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို မေလ ၁၇ ရက်နေ့ကစတင်ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ မေလ ၂၃ ရက် နေ့မှာပြီးဆုံးခဲ့ပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NDMC)ကို အချိန်နဲ့တစ်ပြေးညီတင်ပြခဲ့ပါတယ်။
စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ကရရှိတဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်မတော်က တာဝန်ပေးအပ်ထားတဲ့ တာဝန်ခံအရာရှိကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနရဲ့ လမ်းညွှန်မှုကိုရရှိခဲ့ပါတယ်။ ဒီအတွက် မေလ ၂၇ ရက်နေ့ကစတင်ပြီး မြို့နယ် ၁၇ မြို့နယ်ကို ဒုတိယအကြိမ် ထပ်မံကွင်းဆင်းပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ပျက်စီးဆုံးရှုံးမှု စာရင်းတွေ ပြန်လည်စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယအကြိမ် ထပ်မံသွားရောက်ရာမှာ မေလ ၂၇ ရက်နေ့မှာ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နဲ့ အမ်းမြို့နယ်၊ မေလ ၂၈ ရက် နေ့မှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မာန်အောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ဂွနဲ့ သံတွဲမြို့နယ်တွေကို ထွက်ခွာခဲ့ကြပြီး ဇွန်လ ၅ ရက်နေ့အထိ ပျက်စီး ဆုံးရှုံးမှုစာရင်းတွေ ပြန်လည်စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။
မေး။ ။ ကောက်ယူရရှိတဲ့ စာရင်း တွေကို ဘယ်လိုဆက်လက်ဆောင်ရွက်ရပါသလဲ။
ဖြေ။ ။ ကနဦး လုပ်ငန်းကော်မတီက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်း တွေကို မေလ ၁၁ ရက်နေ့ကစတင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို နေ့စဉ်အစီရင်ခံ တင်ပြခဲ့ပါတယ်။ ကနဦးလုပ်ငန်းကော်မတီအနေနဲ့ သဘာဝဘေးဒဏ်ကြောင့် လူများအသက်ဆုံးရှုံးမှု၊ တိရစ္ဆာန်များ သေကျေပျက်စီးမှု၊ ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ ထောက်ပံ့ ကူညီပေးနိုင်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်အအုံတွေရဲ့ ပျက်စီးမှုနဲ့ သွပ်၊ သံ၊ သစ် လိုအပ် ချက် ကနဦးစာရင်းတွေ၊ အခြေခံအဆောက်အအုံ၊ လျှပ်စစ်နဲ့စွမ်းအင်၊ ပိုင်ဆိုင်ပစ္စည်း(ကား၊ ဆိုင်ကယ်၊ စက်ဘီး) စတဲ့၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ/သားငါးကဏ္ဍတို့နဲ့ စပ်လျဉ်းတဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို သတ်မှတ်ပုံစံနဲ့ပြုစုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)ကို နေ့စဉ် အစီရင်ခံတင်ပြလျက်ရှိပါတယ်။ ။