ပဲခူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကဒေသတွင်း အခြေခံစားကုန်ပစ္စည်းများ သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဒေသတွင်းစားရေ ရိက္ခာဖူလုံပိုလျှံနိုင်ရေး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးသည်အရေးကြီးကြောင်း၊ မြို့နယ်အလိုက်အခြေခံလူတန်းစားများ ကုန်ဈေးနှုန်းကြီးမြင့်မှု သက်သာနိုင်စေရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စီးပွားရေးကုန်သည်များအနေဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဆေးဝါးများသိုလှောင်မှုမရှိစေရေး ကြီးကြပ်စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်များ လက်လီအဆင့်ဆင့် ပြန်လည်ရောင်းချမှုလျှော့ချနိုင်မှသာ ဈေးနှုန်းသက်သာနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက်ကာ မြို့နယ်များအရောက်ရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုလျှော့ချနိုင်ရေး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ငါးလုပ်ငန်းရှင်အသင်းချုပ်နှင့် သက်ဆိုင်ရာကုန်စည်ဒိုင်များအား တိုက်ရိုက်ချိတ်ဆက်ကြီးကြပ်မည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီတစ်ခုအား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့်ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုလျှော့ချနိုင်ရေး ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)