Skip to main content

e-ID စနစ်သည် e-Government လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံစနစ်တစ်ခုဖြစ်

နေပြည်တော် ဇွန် ၁၄

မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရန် e-ID စနစ် လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဒေါက်တာဇော်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် မြတ်မင်းဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

Digital စနစ်ကူးပြောင်းရေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းလုံး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ Digital စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် e-Government စနစ် အကောင်အထည်ဖော်နိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ e-ID စနစ်သည် e-Government လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံစနစ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်ဖြင့် နေထိုင်ခွင့်ရသူ၊ အမြဲနေအခွန်ဆောင် နိုင်ငံခြားသားများစသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက် (Bio-metric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သော Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ယင်း နောက် UID နံပါတ်ရရှိပြီးသူများအနက် ဥပဒေအရ နိုင်ငံသား အရည်အချင်း ပြည့်မီသူများအားလုံးကို National ID ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ညှိနှိုင်းဆောင်ရွက်

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ကူညီဆောင်ရွက်မှုများဖြင့် လဝကမြို့နယ်ရုံးအသီးသီးရှိ နိုင်-၄ မှတ်တမ်းပါ အချက်အလက် ၅၂ သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) ၁၃ သန်းကျော်ကို Database အတွင်း ထည့်သွင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် e-ID Database System အတွင်း ထည့်သွင်းထားသော နိုင်/ဧည့်/ပြု ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) များကို အခြေခံ၍ Biometric အချက်အလက်များကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို Pilot Project အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင်ကောက်ယူခဲ့ပြီး လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ မိမိဝန်ကြီးဌာနရှိ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ပေးပို့လာသော SIM Registration Manangement System (SRMS) အတွင်းရှိ (SIM Card) များကို တိုက်ဆိုင်စစ်ဆေး စိစစ်အကြောင်း ပြန်ကြားခြင်း၊ အောင်ဘာလေထီမှ နိုင်နံပါတ်အား မှန်ကန်ခြင်းရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးပြန်ကြားပေးနိုင်မည့် API Platform တစ်ခုတည်ဆောက်နိုင်ရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ စိစစ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် (passport) လုပ်ငန်း များအတွက် Database ဖြင့် တိုက်ဆိုင်စိစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့စီးပွားရေးဘဏ်မှ Cen-tralized e-Pension စနစ်တွင် Face ID ဖြင့် အငြိမ်းစားများအား စိစစ်မှုပြုလုပ်ရာတွင် e-ID စနစ်ဖြင့် ချိတ်ဆက်နိုင်ရေးအတွက် လိုအပ်မည့်နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော Hardware နှင့် Software များ ဝယ်ယူရေးနှင့်ပတ်သက်၍ e-ID စနစ် လုပ်ငန်းကော်မတီ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် e-ID စနစ်ဆိုင်ရာ တင်ဒါကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့်တင်ဒါ လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း နှင့် e-ID စနစ်ကို အခြေခံ၍ Na-tional Database အဖြစ် တည်ဆောက်နိုင်ရေးအတွက် ဌာနအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တင်ဒါခေါ်ယူဆောင်ရွက်မည့်အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဒေါက်တာဇော်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် မြတ်မင်းဦး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက e-ID စနစ်အတွက် လိုအပ်သော နည်းပညာဆိုင်ရာပစ္စည်းများ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ အပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီဖြစ်စေရေး၊ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်တို့က နည်းပညာဆိုင်ရာ ပစ္စည်းများ ဝယ်ယူရေးအတွက် တင်ဒါကော်မတီအနေဖြင့် တင်ဒါလုပ်ငန်းများ စိစစ်ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းဆိုင်ရာအတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို သုံးသပ်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်