Skip to main content

“စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးစွမ်းအားဖြင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပထမအဆင့် ဦးစားပေးအနေဖြင့် အဓိကသီးနှံ ၁၀ မျိုး၏ အထွက်နှုန်းတိုးတက်စေရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများက ကဏ္ဍအလိုက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်သမားရှားပါးလာသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် စက်မှုလယ်ယာစနစ်သို့ကူးပြောင်း၍ ထွန်ယက်ခြင်းမှရိတ်သိမ်းသည်အထိ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာအသုံးချ

စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရန် အဓိကကျသည့်အတွက် ရေကို အကျိုးရှိထိရောက်စွာအသုံးချနိုင်မှသာ စိုက်ပျိုးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်စေရေးနှင့် သီးနှံစိုက်စွမ်းအား မြင့်မားစေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်းအရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတိုးတက်ရန်မဖြစ်မနေ လိုအပ်သဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စိုက်ပျိုးရေးနည်းပညာများ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာအသုံးချပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက တာဝန်ယူဆောင်ရွက်ပြီး ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက မြေသယံဇာတ၊ ရေသယံဇာတနှင့် မြေယာအသုံးချမှုအခြေအနေ၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ နွေစပါး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းများနှင့်ပတ်သက်သည့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြေတစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်းတိုးတက်ရန် ဆောင်ရွက်သင့်သည့်အချက်များ၊ ရေရရှိရေးဆောင်ရွက်မည့်အစီအစဉ်များ၊ စက်မှုလယ်ယာကူးပြောင်း ရေးဆိုင်ရာဆောင်ရွက်မှုလုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးအကြံပြုကြကြောင်း သိရသည်။

သတင်းစဉ်