နေပြည်တော် ဇွန် ၁၄
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့ အစိုးရအဖွဲ့ရိပ်သာ ဘေးပတ်လည်ရှိ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် သာစည်ကျေးရွာ၊ ရွာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းပေးပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဥယျာဉ်သာကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပါဒလိတ်ကျေးရွာအနီး ရန်ကုန်-စစ်တွေသွား ကားလမ်းမကြီး ဘေးရှိလဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေချမ်းပြင်ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိလဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ မြို့သစ်တောင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ အမှိုက်ပုံများ၊ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့များက မြို့မရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။