Skip to main content

မုန်တိုင်းဒဏ်သင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက် နေ့က တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်လေးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် နယ်မြေများအဖြစ်သတ်မှတ်ပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်၏ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ယခုဆိုင်ကလုန်းမုန်တိုင်း “မိုခါ”နှင့်ပတ်သက်၍ မုန်တိုင်းမတိုင်မီကာလ၊ မုန်တိုင်းတိုက်နေစဉ်ကာလ၊ မုန်တိုင်းတိုက်ပြီးကာလ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စနစ်တကျကြိုတင်ပြင်ဆင်၍ လျင်လျင် မြန်မြန်ဆောင်ရွက်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြင့် အကောင်းဆုံးအခြေအနေ ရောက်အောင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ မိုခါမုန်တိုင်း စတင်တိုက်ခတ်သည်နှင့် နိုင်ငံတော်အဆင့်အနေဖြင့် တပ်မတော်အရာရှိကြီးများကို တစ်မြို့နယ်လျှင် တစ်ဦးခန့်အပ်တာဝန်ပေး၍ ထမ်းဆောင်စေလျက်ရှိပြီး အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များကိုလည်း အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်စေလျက်ရှိသည်။

ထိုသို့ဆောင်ရွက်မှုများကြောင့် မုန်တိုင်းတိုက်ပြီး သုံးပတ်သုံးရက်အတွင်း အပျက်အစီးများရှင်းလင်းဖယ်ရှားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်မှုရှိလာသည်ကိုတွေ့ရသည်။ မုန်တိုင်းဖြစ်ပွားသည့်ကာလသည် ကျောင်းများအပ်နှံဖွင့်လှစ်ရမည့် အကြိုကာလဖြစ်ပြီး မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ အခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စိုးရိမ်သောကရောက်ခဲ့ကြသည်။ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ တည်ဆောက် ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ခဲ့သည်။

တည်‌ဆောက်ရေးကို မြို့နယ်များခွဲ၍ အခြေခံပညာအထက်တန်းကျောင်းများ မိုးလုံလေလုံဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးအဆင့်များခွဲခြား‌ဆောင်ရွက်ပြီး တက္ကသိုလ်အဆင့်ကျောင်းများဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးကျောင်းဖွင့်ရာသီ ဇွန်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအပြင် အဆင့်မြင့်ပညာကျောင်းများပါ ဖွင့်လှစ်နိုင်ခဲ့သည်။ ဒေသခံမိဘပြည်သူများ၏ စိုးရိမ်သောကစိတ်များကို ပြေပျောက်စေခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် “ကျောင်း၊ ဆေးရုံစသည်ဖြင့် ဦးစားပေးအဆင့်အလိုက် အဆောက်အအုံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုး ရာသီဖြစ်သည့်အတွက် တောင်သူလယ်သမားများလိုအပ်သည့် မျိုးစေ့များနှင့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများကိုလည်း အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး” အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန်လ ၆ ရက်နေ့တွင် မှာကြားခဲ့သည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်သင့်ဒေသများ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားချက်နှင့်အညီ သက်ဆိုင်ရာကော်မတီများနှင့် အဖွဲ့အစည်းများအားလုံးက တက်ညီလက်ညီ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ယခုအခါအတိုင်းအတာတစ်ခုအထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပေသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျန်းမာရေးအဆောက်အအုံ ၄၉၈ လုံး ပျက်စီးခဲ့ရာ ယခုအခါ ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြင်ဆင် တည်‌ဆောက်နိုင်ခဲ့သည်။ မေလ ၃၁ ရက်နေ့အထိ ပြင်ပလူနာ ၉၂၉၁ ဦးနှင့် အတွင်းလူနာ ၄၃၄၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

ပြန်လည်တည်ဆောက်ရေးအတွက် သစ်ခွဲသားများ၊ သစ်လုံးများကို မုန်တိုင်းသင့်ဒေသများသို့ အချိန်မီရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေး အတွက် ကျွဲကောင်ရေ ၁၁၆ ကောင်နှင့် ထွန်စက်အစီး ၈၀ ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်အတွက် ဆန်အိတ်စုစုပေါင်း ခြောက်သောင်းကျော်နှင့် သွပ်အချပ်ရေ သုံးသိန်းကျော်ကို စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ ဇွန်လ ၅ ရက် နေ့အထိ မြန်မာ့စီးပွားရေးဘဏ်သို့ အလှူငွေကျပ် ၂၆ ဒသမ ၀၀၉ ဘီလီယံ ဝင်ရောက်ခဲ့ပြီး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ‌ကျော် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ ဝင်ရောက်ထားသည်။ သို့ဖြစ်ရာ မုန်တိုင်းသင့်ဒေသများ မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် တည်‌ဆောက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။