Skip to main content

စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ သဲချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဇွန် ၁

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာသို့သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအိမ်ရာဝန်းအတွင်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိမ်ခန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုကြည့်ရှု၍ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီနှီးမေးမြန်း အားပေးစကားပြောကြားပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကွပ်ကဲမှုအောက် အထူးဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လူနာ ၁ ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကိုရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် အလှူရှင်များမှ လှူဒါန်းသည့် ထမင်းဟင်းလျာဘူးများအား ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ထို့ပြင် စစ်တွေမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း အဆိုပါ ထမင်းဟင်းလျာဘူးများကို တာဝန်ရှိသူများက အသီးသီးသွားရောက် ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် အဆိုပါ ထမင်းဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည့်နေရာများသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။