ရန်ကုန် မေ ၂၇
မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့သည့် ဒေသများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၅ ရက်တွင် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် Virtual စနစ်ဖြင့် ကျင်းပရာ ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် တက်ရောက်ခဲ့သည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာနိုင်ငံကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် လူမှုစီးပွားထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မုန်တိုင်းဒဏ်ခံဒေသများရှိ ကျေးလက်နေပြည်သူများအတွက် လိုအပ်သောအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကော်မတီအနေဖြင့် အမြန်ဆုံးနှင့်အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်ရန်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပျက်စီးမှုများအတွက် စာရင်းကောက်ယူပြုစုပြီး အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် လိုအပ်သည့် တာလပတ်များ၊ အမိုးသွပ်များပို့ဆောင်ခြင်း၊ မုန်တိုင်းဒဏ်ခံဒေသများသို့ ရေသန့်များ၊ ရေသန့်ဆေးဝါးများ၊ ကလိုရင်းများ၊ Hygiene Kit များ၊ ရေသန့်စင်စနစ် Life Stall Community၊ ရေပုံးများအား သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဖြန့်ဝေပေးလျက်ရှိခြင်း၊ သဘာဝဘေးကြောင့် စက်ရေတွင်းများရေနစ်မြုပ်ခဲ့သည့် စလင်းမြို့တွင် လေမှုတ်စက်များဖြင့် တွင်းဆေး၊ တွင်းမှုတ်ဆောင်ရွက်ကာ ရေရရှိရေးဆောင်ရွက်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ကုန်သည် စက်မှုအသင်းချုပ်၏ ညီနောင်အသင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းပိုင် ဆောက်လုပ်ပြီးစ ရခိုင်ပြည်နယ်ကုန်သည်စက်မှု အသင်းအဆောက်အအုံရုံးသစ်ကို ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ၁၀၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မုန်တိုင်းဝင်သည့်နေ့တွင် အသင်းချုပ်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မိုခါမုန်တိုင်းဒဏ်သင့်သည့်ဒေသများကို ကူညီရန်အတွက် Task Force တစ်ရပ် အမြန်ဖွဲ့စည်းပြီး ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မိမိအနေဖြင့်အတွင်း ရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်မှ ငွေကျပ်သိန်း ၂၀၀၀ နှင့် အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ကိုယ်စားငွေကျပ်သိန်း ၅၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂၅၀၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း အသင်းချုပ်၊ ညီနောင်အသင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေများ၊ အမိုးအကာများ၊ စားသောက် ကုန်၊ လူသုံးကုန်များ၊ ဆေးဝါးများကို မုန်တိုင်းဒဏ်သင့်ဒေသများသို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
မျိုးမင်းသူရ