Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ

နေပြည်တော် မေ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် Ms. Noriko Takagi က မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသော ပြည်သူများအတွက် UNHCR မှ Solar lamps များထောက်ပံ့ပေးမည့်ကိစ္စ၊ အခြားကယ်ဆယ်ရေးပစ္စည်းများ စစ်တွေမြို့သို့ ပို့ဆောင်မည့်ကိစ္စများ၊ MoU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်း မိုခါမတိုက်ခတ်မီအစိုးရဘက်မှ ကြိုတင်ပြင်ဆင်ခဲ့မှုများ‌ကြောင့် ပြည်သူများထိခိုက်မှုအား အနည်းဆုံးအခြေအနေသို့လျှော့ချနိုင်ခဲ့မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို မေ ၈ ရက်မှစ၍ ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေ၊ ကယ်ဆယ်ရေးပစ္စည်းများအား အစိုးရနှင့် တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့သယ်ယူ၍ ထောက်ပံ့နေမှု၊ ရခိုင်ပြည်နယ်ရှိ‌ စားသောက်ကုန်များအား သင့်လျော်သောဈေးနှုန်းများဖြင့်ရောင်းချစေနိုင်ရေး စီစဉ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်