Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းမိသားစုများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်၍ ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်ရာအဖွဲ့များသို့ ပေးအပ်သည်။

အစီအစဉ်အရ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များ “ဇာတိမာန်” သီချင်းဖြင့် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ထောက်ပံ့ကြေးများ ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့/ဦးစီးဌာနအလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူ ၂၉၃၂ ဦးအတွက် ပညာသင် ထောက်ပံ့ကြေးများပေးအပ်ချီးမြှင့်ရာ တပ်ဖွဲ့/ ဦးစီးဌာနအလိုက် ကျောင်းသား ကျောင်းသူများက လက်ခံကြသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များက “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

ပထမအကြိမ် ပေးအပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ မိသားစုဝင်သားသမီးများဖြစ်ကြသော မူလတန်း ကျောင်းသား ကျောင်းသူ ၁၅၁၉ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၆၃၈ ဦး၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၄၄၇ ဦး၊ တက္ကသိုလ် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၃၂၈ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၉၃၂ ဦးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ခြောက်ရာသုံးဆယ့်တစ်သိန်း နှစ်သောင်း (၆၃၁၂၀၀၀ဝိ/-)ကို ပညာသင်ထောက်ပံ့ကြေး ပထမအကြိမ်အဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်