Skip to main content

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ်  ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပသည်။

 အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက “MCCT အစီအစဉ်သည် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များ အသက်(၂)နှစ်အထိ ၎င်းတို့၏မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမည်ဖြစ်ပြီး၊ အာဟာရဆိုင်ရာ အခြေအနေများအရ ထိခိုက်လွယ်သောဒေသများအား ဦးစားပေးသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အကျိုးခံစားခွင့်ရှိသူအများစုသည် ဘဏ်များသို့ လက်လှမ်းမမှီခြင်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ လုံလောက်စွာမရရှိနိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့သည် အကျိုးခံစားခွင့်ရှိသူများအား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုဖြင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် AYA Pay နှင့် KBZ Pay တို့ဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ MCCT စီမံကိန်းအတွက် ပွင့်လင်းမြင်သာမှု၊ မြန်ဆန်မှု၊ တိကျမှုနှင့်ထိရောက်မှုတို့ကို သေချာစေရန်အပြင် AYA Pay နှင့် KBZ Pay တို့မှ financial inclusion ကိုပါ တိုးတက်စေနိုင်ပြီး၊ အကျိုးခံစားသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်များမှတစ်ဆင့် ဘဏ်၀န်ဆောင်မှုများကိုပါ ရယူနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 ဆက်လက်၍ ဧရာဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းနှင့် KBZ ဘဏ်မှ လက်ထောက်မန်နေဂျင်း ဒါရိုက်တာ Mr. Robin Chua တို့က MCCT အစီအစဉ် လုပ်ငန်းများဆောင်ရွက်မှုကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် AYA PAY နှင့် KBZ Pay တို့မှတာဝန်ရှိသူများက သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ တက်ရောက်လာကြသော သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်