ရန်ကုန် မေ ၂၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမနှင့် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများကို OWIC ထုတ်ပေးမှုအဆင်ပြေ ချောမွေ့စေရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် လာရောက်ထုတ်ယူသူများ စနစ်တကျရှိရေး အလေးထား ဆောင်ရွက်ရန်၊ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို သိရှိမှတ်သားလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက်ရန်၊ စေတနာထား၍ အလေးထား ဆောင်ရွက်ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် OWIC လာရောက်ထုတ်ယူသူများနှင့် တွေ့ဆုံပြီး ပြည်ပအလုပ် အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ပြည်ပအလုပ် အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သောအတွေ့အကြုံနှင့် နည်းပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ် သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ရသင့်ရထိုက်သည့် အခွင့် အရေးများ ရရှိခံစားနိုင်ရေး ကောင်းမွန်စွာ သိရှိနားလည်ရန်လိုကြောင်း၊ ပြည်ပတွင် လုပ်ကိုင် နေစဉ် အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများနှင့် အလုပ်သမား သံအရာရှိများထံ ဆက်သွယ်ဆောင်ရွက်ရန်၊ မိမိ အစီအစဉ်ဖြင့် အလုပ်သွားရောက် လုပ်ကိုင်သူ အလွန်များပြားလာ သဖြင့် OWIC ထုတ်ပေးရေး လုပ်ငန်းစဉ်ကို တိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင် လိုသူများကို OWIC ကတ်လျှောက်ထားထုတ်ယူရေးသတင်း စကား ဖြန့်ဝေပေးရန် မှာကြားသည်။
OWIC ကတ်ကို သက်တမ်းငါးနှစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိရေး၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမား စာရင်းများရရှိရေး၊ အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေ၍ နိုင်ငံတော် အတွက် ဝင်ငွေများရရှိစေရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ လုပ်သားများ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက်ပေး နိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှတစ်ဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေးအတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ထုတ်ပေးလျက်ရှိသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမတွင် ထုတ်ယူနိုင်ပြီး မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိရာမှ ခွင့်ပြန်လာသည့် အလုပ်သမား များနှင့် PJ Passport ကိုင်ဆောင်ထားပြီး အမြဲတမ်းနေထိုင်ခွင့် ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် သတ်မှတ်ချက်နှင့်အညီ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်