Skip to main content

ဓာတ်ခွဲခန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေမှုစိစစ်ခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၃

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇) ခုသည် နိုင်ငံတကာအဆင့်မီ ISO 9001: 2015 (QMS) လက်မှတ် ရရှိပြီးဖြစ်ရာ အဆိုပါ အသိအမှတ်ပြု လက်မှတ်ပါ အရည်အသွေးထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ် မြောက် ပြန်လည်သုံးသပ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က နဝရတ်ခန်းမ၌ ကျင်းပ သည်။


အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန့်လွင်ဦးတို့က စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ ဓာတ်ခွဲခန်း များနှင့် စီမံခန့်ခွဲရေးဌာနစုမှ သုတေသနပညာရှင်များအနေဖြင့် ISO 9001: 2015 (QMS) သတ်မှတ်စံချိန် စံညွှန်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အစီအစဉ်နှင့် စနစ်တကျ ဆောင်ရွက်ရာတွင် သုတေသန ပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်ရန် ပြောကြား သည်။


ယင်းနောက် ISO Internal Audit အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအား ပြန်လည် သုံးသပ်တင်ပြခြင်းကို သုတေသနမှူး ဒေါ်စီစီမြင့်က လည်းကောင်း၊ ISO ရရှိထားသော ဓာတ်ခွဲခန်းအသီးသီးမှ လက်ရှိ ဆောင်ရွက်ချက်များနှင့် အကြံပြုချက် များ တင်ပြခြင်းကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများက လည်းကောင်း တင်ပြကြခြင်းအပေါ် တက်ရောက်လာကြသည့် သုတေသန ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်) ရှိ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇) ခုဖြစ်သည့် စိုက်ပျိုးရေး အဏုဇီဝဓာတ်ခွဲခန်း၊ အပင်ရောဂါဖြစ်ကြောင်း သက်ရှိများ အမျိုးအစားခွဲခြားခြင်းနှင့် မွေးမြူ ရွေးချယ်ခြင်း ဓာတ်ခွဲခန်း၊ စိုက်ပျိုးရေ အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်း၊ အပင်ဇီဝ အရင်းအမြစ် များ ထိန်းသိမ်းခြင်းနှင့် အသုံးပြုခြင်း ဓာတ်ခွဲခန်း၊ အပင်ဇီဝနည်းပညာ ဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာဓာတ်ခွဲခန်းနှင့် မြေနှင့် အပင်နမူနာဓာတ်ခွဲခန်းတို့သည် ISO 9001: 2015 (QMS) အသိအမှတ်ပြု လက်မှတ်ကို ၂၀၁၉ ခုနှစ်က ရရှိခဲ့ကြောင်း၊ အဆိုပါ ဓာတ်ခွဲခန်းများတွင် သုတေသနပညာရှင်များက တောင်သူများထံ မျိုးကောင်းမျိုးသန့် များ၊ အထွက်နှုန်းကောင်းမျိုးများ၊ ဒေသနှင့် ကိုက်ညီမည့် စပ်မျိုးများ ပိုမို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇူလိုင်မိုး