Skip to main content

ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် မေ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့် မန္တလေး)တို့ ပူးပေါင်းကျင်းပသည့် ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြဇာတ်ဆိုင်ရာဆွေးနွေးကြမည့် အနုပညာရှင်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲသည် မြန်မာ့ပြဇာတ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ တက္ကသိုလ်နှစ်ခု၏ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများအနေဖြင့် ပြဇာတ်ပညာသင်ကြားပို့ချမှု အားကောင်းလာစေရေး၊ ပြဇာတ်ပညာပျောက်ကွယ် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လက်တွေ့အသုံးချဖျော်ဖြေတင်ဆက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၌ ပညာရှင်ခုနစ်ဦးက ဖတ်ကြားဆွေးနွေးကြမည်ဖြစ်သကဲ့သို့ နောက်ရက်တွင် ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန (ရန်ကုန်)နှင့်(မန္တလေး)တို့မှ ကျောင်းသား ကျောင်းသူများက ပြဇာတ်ပြိုင်ပွဲကိုအဖွဲ့ခြောက်ဖွဲ့ဖြင့် ယှဉ်ပြိုင်ကပြတင်ဆက်ကြမည်ဖြစ်ကြောင်း၊ ပြဇာတ်မပေါ်မီကတည်းက နိပါတ်တော်ခင်းအကဆိုသည်မှာ မြန်မာ့ပြဇာတ်၏ ရှေ့ပြေးလက္ခဏာများအဖြစ်ရှိနှင့်နေပြီး နောက်ပိုင်းညောင်ရမ်းခေတ်၊ မြန်မာသက္ကရာဇ် ၁၀၄၆-၁၁၁၆ ခုနှစ်အတွင်း ဝန်ကြီးပဒေသရာဇာရေးသားပြီး ကပြခဲ့တဲ့ မဏိကက်ပြဇာတ်သည် ပြဇာတ်ပုံစံပီပီပြင်ပြင်ဖြင့် ပထမဦးဆုံးထွက်ပေါ်လာသည့် မြန်မာပြဇာတ်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်တွင် ပြဇာတ်တစ်ပုဒ်ကို ညစဉ်ရက်ဆက်အခန်းဆက်ကပြရသည့် မြန်မာ့နန်းတွင်း ပြဇာတ်ကြီးများမှာ ထင်ရှားကျော်ကြားခဲ့ပါကြောင်း၊ မြန်မာ့ပြဇာတ်တစ်ခေတ်ကို စတင်ထူထောင်ခဲ့သူက ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာဖြစ်ပြီး မြန်မာ့ ပြဇာတ်တစ်ခေတ်ကို ပြောင်းလဲခဲ့ကြသူများမှာ ကုန်းဘောင်ခေတ်စာဆို ဦးကြင်ဥနှင့် ဦးပုညတို့ဖြစ်ကြကာ ညစဉ်ရက်ဆက်ကပြရသည့် နန်းတွင်းဇာတ်တော်ကြီးများပုံစံမှ ခွဲထွက်လျက် တစ်ညအတွင်း အပြီးကပြနိုင်သည့်ပြဇာတ်များကို ရေးသားတင်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသူများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ချိန် ကိုလိုနီခေတ်ပြဇာတ်တွေဟာ နယ်ချဲ့တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေးတို့အတွက် ပြဇာတ်များဖြင့် ဇာတိမာန်ကိုနှိုးဆော်ပြီး အမျိုးသားရေးတာဝန် ကျေပွန်ခဲ့ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း သွားသည့်အတွက် ရုပ်ရှင်အနုပညာရှင်များ မိမိတို့တတ်ကျွမ်းသည့် အနုသုခုမပညာဖြင့် ပြဇာတ်များ တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြပါကြောင်း၊ လွတ်လပ်ရေး ရခါနီး ၁၉၄၆ ခုနှစ် မတ် ၈ ရက်တွင် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီး ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရုပ်ရှင်နှင့် ပြဇာတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကာ ယင်းအချိန်မှစ၍ ခေတ်ပေါ်ပြဇာတ်အသစ်ပုံစံများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးခေတ် စာဆိုတော်နေ့များတွင် တင်ဆက်သည့်ပြဇာတ်များ၊ မြေပဒေသာရုံ၌ တင်ဆက်သည့် ပြဇာတ်များနှင့် နေ့ထူးနေ့မြတ်ပွဲတော်ကြီးများ၌ ခင်းကျင်းပြသသည့် ပြဇာတ်များမှာ ထင်ရှားပါကြောင်း၊ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ စိန်မာဒင်(စိန်မဟာသဘင်)တို့နှင့်တကွ ဇာတ်သဘင် မျိုးဆက်များ၏ ပြဇာတ်များ၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက ဇာတ်အဖွဲ့၏ ပြဇာတ်များမှာ မြန်မာ့ပြဇာတ်ရေစီးကြောင်းကို အားကောင်းမောင်းသန်ဖြင့် ရှင်သန်စီးဆင်းခဲ့သည်ကိုလည်း တွေ့ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုပင်မရေစီးကြောင်းကြီး၏ မြစ်လက်တက်တစ်ခုသဖွယ် ဖြစ်သည့် ပြဇာတ်ပညာကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးကြရပါကြောင်း၊ ပြဇာတ်ပညာဖြင့် စိတ်ကိုယဉ်ကျေးအောင် ဆုံးမပေးနိုင်ရမည်ဖြစ်သလို ခေတ်၏ကြေးမုံအဖြစ်လည်း ထင်ဟပ်ပြနိုင် ရမည်ဖြစ်ကြောင်း၊ ခေတ်၏လူမှုဘဝအတွေးအခေါ် ယုံကြည်ချက်၊ ခံယူချက်များကို နည်းမှန်လမ်းမှန် ဖြစ်အောင် လမ်းညွှန်နိုင်ရမည်ဖြစ်သကဲ့သို့ တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးတို့ကိုလည်း စွမ်းဆောင်ပေးနိုင်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အကယ်ဒမီများရှင် ဦးငြိမ်းမင်းက ပြဇာတ်၏တန်ဖိုး၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)က ပြဇာတ်အကြောင်း- အနာဂတ်နှင့် စကားစမြည်၊ ဦးစုအောင်(ချစ်စုအောင်)က လက်တွေ့မှ သဘော တရားသို့ (သို့မဟုတ်) ကျွန်တော်နှင့် ကျွန်တော်ပြဇာတ်များ၏ အတွေ့အကြုံ၊ ဦးဝင်းနိုင်(ဘငြိမ်းဝေ)က မြန်မာပြဇာတ်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် ဦးနန်းဝင်း(သဘင်ပညာရှင်)က ပြဇာတ်ဖန်တီးမှုဆိုင်ရာ အတွေ့အကြုံများ၊ ကထိက ဦးမြတ်လင်းက ပြဇာတ်လက်တွေ့သရုပ်ဆောင်ခြင်း၊ ကထိကဒေါ်ပပမျိုးက ပြဇာတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇာတ်ရုံများ၏အခန်းကဏ္ဍ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြသည်။ ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်လျက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်