Skip to main content

စစ်တွေနှင့် အမ်းမြို့တို့၌ AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၃

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် စစ်တွေ မြို့အဝင် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ် ၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ် ခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်း ဘက်သို့ မောင်းနှင်လာသော TVS အမျိုးအစား သုံးဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ဖြစ်သူ စစ်တွေမြို့နေ ကျော်ကျော်ဝင်း ၃၃ နှစ်နှင့် စစ်တွေမြို့နေ သာဇံ ၃၀ နှစ်၊ မြေပုံမြို့နယ် တမ်ရာရွာနေ ဦးမောင်ပု ၃၇ နှစ်တို့အား AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတန်းပါ စစ်စိမ်းရောင် ယူနီဖောင်း တစ်စုံ၊ ပြောက်ကျား ဘောင်းဘီ တစ်ထည်၊ AA အကြမ်းဖက်သောင်းကျန်း သူများနှင့် ဆက်သွယ်မှုမှတ်တမ်းများ၊ အထောက် အထား အချက်အလက်များပါရှိသည့် ဖုန်း နှစ်လုံး၊ ငွေကျပ် ၁၂ သိန်း နှင့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀ (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၂ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူများအား တရား ဥပဒေအရ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ အမ်း - မအီ ကားလမ်း၏ အမ်းမြို့အဝင်အနီး၌ ယာဉ်ဝင်/ထွက် သွားလာမှုများအား စစ်ဆေးလျက်ရှိရာ ဩဂုတ် ၉ ရက် ညနေ ၄ နာရီခန့်တွင် မအီမှ အမ်းဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးခဲ့စဉ် ရသေ့တောင်မြို့နယ် ကြက်ရိုးဆိပ်ကျေးရွာနေ ကျော်မင်းထွန်းအား AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ် မှုမှတ်တမ်းများ၊ အထောက်အထားအချက် အလက်များပါရှိသည့် SAMSUNG အမျိုးအစား ဖုန်းနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ကြောင်း။


စစ်ကြောမေးမြန်းချက်အရ ၎င်းသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ တပ်မတော်စစ်ကြောင်းများ၊ တပ်မတော်ယာဉ် တန်းများ နှင့် တပ်မတော်စစ်ရေယာဉ်များ၏ ဝင်ထွက်သွားလာ လှုပ်ရှားမှုသတင်းများ ပေးပို့ရကြောင်းနှင့် ချစ်ပုံ ကျေးရွာ၌ အိမ်ထောင်စုတစ်စုလျှင် လစဉ် ၂၀၀၀၊ ၃၀၀၀ ကျပ်ခန့် ကောက်ခံ၍ ပေးပို့ရသည်ဟု သိရှိရ ကြောင်း။

ထို့ကြောင့် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံကျော်မင်းထွန်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်