နေပြည်တော် ဩဂုတ် ၁၃
အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကားပြောကြားရာ၌ ယခုအခါ မီဒီယာ၏ ပုံသဏ္ဍာန်၊ မီဒီယာရှုမျှော်ခင်း သည် ပြောင်းလဲသွားပြီး ဒစ်ဂျစ်တယ်မီဒီယာများအဖြစ် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ပေါ် ပေါက်လာပါကြောင်း၊ မီဒီယာလုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် ကမ္ဘာ့မီဒီယာအကြောင်း၊ မြန်မာ့မီဒီယာ အကြောင်း နှင့် မီဒီယာ၏အရွေ့ကို သိရှိရန်လိုအပ်သကဲ့သို့ မည်သို့လိုက်ပါ တည်ဆောက်ရမည်ကို သိရှိ ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ် ပြီး လေ့လာ စရာ၊ ဆွေးနွေးစရာ၊ မျှဝေစရာများစွာ ရှိပါကြောင်း၊ ကောင်းသည့်ဖက်ကို ဦးတည်နိုင်သည့် မီဒီယာအရွေ့ဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။ ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ပုံနှိပ်မီဒီယာနှင့် Digital Revolution and Society Changes အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အွန်လိုင်းမီဒီယာနှင့်မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးကျော်သက်လင်းက ညှိနှိုင်းရေးမှူး(Moderator) အဖြစ် ဆောင်ရွက်ပြီး မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေးက လည်းကောင်း၊ အွန်လိုင်း မီဒီယာနှင့်ရုပ်သံလွှင့်မီဒီယာအကြောင်းကို မြန်မာအသံနှင့် ရုပ်မြင် သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြကြေးမုံက လည်းကောင်း၊ ပုံနှိပ် မီဒီယာ များအကြောင်းကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ စာတည်း ဒေါ်မေသူစိုးက လည်း ကောင်း၊ မြန်မာ့မီဒီယာအရွေ့နှင့် သတင်းမီဒီယာဥပဒေအကြောင်းကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်းဒေါ်ဟန်နီဝင်းက လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးမြန်းကာ အကြံပြုဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးအောင်လှထွန်းက မီဒီယာအရွေ့သည် ရှောင်လွဲ၍ မရနိုင်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန် အကြံပြုဖြည့်စွက် ဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အွန်လိုင်း မီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။
(သတင်းစဉ်)