Skip to main content

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဩဂုတ် ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေး ခဲ့ပါသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။

#MinistryofForeignAffairsMyanmar