နေပြည်တော် မေ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ညှိနှိုင်း အစည်းအဝေးသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင် ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မကြာမီရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် သတိပေးချက်များရှိကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုအပြင် ၎င်းနှင့်ဆက်စပ်သည့် သဘာဝဘေး အန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံး/ဌာန၊ သင်တန်းကျောင်းများတွင်လူ၊ ပစ္စည်း၊ ယာဉ်/ ယန္တရားများတတ်နိုင်သမျှထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ဆေးဝါး/ရိက္ခာ၊ သန့်ရှင်းသောရေ၊ အသက်ကယ်ပစ္စည်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို အသင့်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များ၏ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံးများ၊ ကျောင်းများ၌အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက်စုဖွဲ့ထားရှိသည့် Rescue Teams များအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကျရောက်လာချိန်တွင် ဘေးသင့် ပြည်သူများအတွက် ကျရာကဏ္ဍမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးမှာကြား သည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြကြရာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများကတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်