နေပြည်တော် မေ ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြသည့် သက်ကြီးအနုပညာရှင်များအဖွဲ့နှင့် MRTV–4 ဇာတ်လမ်းတွဲ သရုပ်ဆောင်များပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လာရောက် လေ့လာဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များအား တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့်ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့်ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့ကိုထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဉီစိမ်းလန်းစိုပြေသာယာ လှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှုအခြေအနေများကိုရှင်းလင်းပြောကြားသည်။
ထို့နောက် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များသည်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည်လေ့လာကြည့်ရှုကြသည်။