နေပြည်တော် ဧပြီ ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယနေ့ နံနက်ပိုင်းကပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ရှိ ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်ထားသည့် MCM Power Co.,Ltd. ၏ ရွှေသဘာဝဓာတ်ငွေ့အသုံးပြု၍ ၇၀ မဂ္ဂါဝပ်ထုတ်လုပ်နေသော ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင် ခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေတောင်ဓာတ်အားပေးစက်ရုံ အစည်းအဝေးခန်းမတွင် ဓာတ်အားပေးစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် ရွှေတောင်ဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေး၊ ဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ မြေနေရာအလွတ်များတွင် သီးပင်စားပင်များစနစ်တကျ စိုက်ပျိုးသွားရန်နှင့်လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီအလုံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားခွဲရုံ Switch Yard တိုးချဲ့တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ရာတွင်အရေးပေါ် မီးကာနံရံ (Fire Wall)၊ ဆီစုကန်(Oil Pit)နှင့် အရေးပေါ် မီးငြှိမ်းသတ်မှုစနစ်(Fire Fighting System) စသည်တို့ကိုထည့်သွင်းတည်ဆောက်သွားရန်နှင့် သက်တမ်းရှည်ကြာပြီး ဝန်အားပြည့်နေသည့် ထရန်စဖော်မာများကိုလဲလှယ်နိုင်ရေး စီမံဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ပြီး လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးထားမှုနှင့် Switch Yard တိုးချဲ့ တည်ဆောက်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်