နေပြည်တော် ဧပြီ ၂၉
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းလူဦးရေ စာရင်းကောက်ယူခဲ့သည့် အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်စိစစ်အတည်ပြု၍ နေပြည်တော်ရုံးချုပ်ရှိ Serverအတွင်း e-ID Sofrware ဖြင့် အချက်အလက်များ ပြင်ဆင်ဖြည့်သွင်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။
အရေးကြီးလုပ်ငန်းတစ်ရပ်ဖြစ်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့်လုပ်ငန်းသည် မဲဆန္ဒရှင်စာရင်းမှန်ကန်စွာပြုစုနိုင်ရန် တိကျမှန်ကန်သည့် လူဦးရေစာရင်းရရှိစေရေးဆောင်ရွက်ခြင်းဖြစ်သဖြင့် နိုင်ငံ အတွက် အရေးကြီးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် အိမ်ထောင်စုဆိုင်ရာအချက်အလက်များကို e-ID Software ဖြင့် ချိတ်ဆက်၍ အချက်အလက်ပြင်ဆင် ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းကို မြို့နယ်အလိုက် အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် တိကျမှန်ကန်သော အချက်အလက်များဖြစ်စေရေးအတွက် စနစ်တကျအလေးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများကို e-ID Software ဖြင့် ဖြည့်သွင်းစိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း (အင်းစိန်) သို့ရောက်ရှိပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းအချက် အလက်များကို e-ID စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် နေပြည်တော်ရုံးချုပ် Server သို့ တိုက်ဆိုင်စိစစ် ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အဓိကကျသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း ၂၀ သတ်မှတ်ဆောင်ရွက်ခဲ့ရာ မြို့နယ်များ၌ကောက်ယူရရှိသည့် အိမ်ထောင်စုစာရင်းများမှ လူတစ်ဦးချင်းစီ၏ အချက်အလက်များကို ရုံးလက်ခံစာရင်းများဖြင့် တိုက်ဆိုင်စိစစ်၍ နေပြည်တော်ရုံးချုပ် Server သို့ e-ID Software ဖြင့်ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်