Skip to main content

The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ The Elders အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အပေါ် ရှင်းလင်းအသိပေးချက်

The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းသည် ၂၃-၄-၂ဝ၂၃ ရက်မှ ၂၄-၄-၂ဝ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် ယခင်နိုင်ငံတော်သမ္မတ ဉီးသိန်းစိန်နှင့် အလွတ်သဘောတွေ့ဆုံခဲ့ပြီး၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လည်း သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာဘက်မှ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆွေးနွေးချက်များမှာ အပြုသဘောဆောင်ခဲ့ပြီး မစ္စတာဘန်ကီမွန်းအနေဖြင့် တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များကြောင့် မြန်မာနိုင်ငံအရေးရှုပ်ထွေးသည်ကို ပိုမိုနားလည်သဘောပေါက်လာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် ပိုမိုထိတွေ့ဆက်ဆံရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့်သာမက The Elders အနေဖြင့်ပါ အကောင်းဆုံးကြိုးပမ်း ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အဆိုးရွားဆုံးခံစားခဲ့ရသည့် တတိယလှိုင်းအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVAX အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ရာ၊ မစ္စတာဘန်ကီမွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲနှင့် မကြာမီတွေ့ဆုံသည့်အခါ ယင်းကိစ္စကို ထည့်သွင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

The Elders အဖွဲ့က ၂၅-၄-၂ဝ၂၃ ရက်စွဲတွင် ယင်း၏ အင်တာနက်စာမျက်နှာ၌ သတင်းဖော်ပြခဲ့ရာ ပါဝင်သောအချက်များမှာ ဆွေးနွေးချက်များနှင့်ကွဲလွဲပြီး လိုရာဆွဲဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ စင်စစ်အားဖြင့် မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

The Elders အဖွဲ့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးရှုမြင်ရာတွင် အခြေခံအကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရန်နှင့် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများကို ဘက်မျှအောင်သုံးသပ်ကြည့်ရှုရန်လိုအပ်သည်။ ထို့အပြင် ပကတိအခြေအနေမှန်မှ ကင်းကွာသည့် တစ်ဖက်သတ် အကြံပြုတိုက်တွန်းချက်များအစား မြန်မာနိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမည့် မှန်ကန်သောအဆိုပြုတိုက်တွန်းချက်များ၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ ပြုလုပ်ရန်လိုအပ်သည်။