နေပြည်တော် ဧပြီ ၂၅
သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်လာမည့် ရန်ပုံငွေများကို လာမည့်စိုက်ပျိုးရာသီများအတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် ဆက်လက်အသုံးပြုနိုင်ရေး ရည်ရွယ်ဆောင်ရွက်ပေးသည့် နိုင်ငံတော်၏ စေတနာမွန်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများကစုစည်းညီညွတ်စွာ ကြိုးပမ်းပေးကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးကြမည့် နေပြည်တော်လယ်ဝေး မြို့နယ် ခရမ်းကိုင်းကျေးရွာ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးကဆည်ရေပေးဝေမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် ပိုမိုစနစ်တကျဖြစ်စေရန်၊ ရေ အလေအလွင့်ဆုံးရှုံးမှုကို အနည်းဆုံးပမာဏဖြင့် အထိရောက်ဆုံး ရေပေးဝေမှု စီမံဆောင်ရွက်နိုင်ရန်၊ ရေအသုံးချသူများအဖွဲ့ (WUG)များ စနစ်တကျထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးရေခြိုးခြံချွေတာသည့် စနစ်များ ကျင့်သုံးကြရန်လိုကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များစုဖွဲ့ခြင်း၊ မျိုးစေ့သန့်စင်စက်များ တည်ထောင်အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်ခြံဝင်းအတွင်း ငုံးမွေးမြူရေး၊ တိုင်းရင်းကြက်များ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် အားပေးကူညီခြင်းဖြင့် တောင်သူများအပိုဝင်ငွေတိုးရေးနှင့် ကျေးရွာသူကျေးရွာသားများ အလုပ်အကိုင်ရရှိရေးကို ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ထားသည့်နွေစပါးစိုက်ခင်းများကို ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စက်မှုလယ်ယာဝန်ဆောင်မှု ရှေ့တန်းစခန်းတွင် စက်မှုလယ်ယာဦးစီးဌာနက သုတေသနပြု စမ်းသပ် ဆောင်ရွက်ထားရှိသော ကောက်ရိုး များ၊ သစ်ရွက်စိမ်းများ၊ နွားချေးများကိုလေပေးစနစ်ဖြင့် သဘာဝမြေဆွေးပြုလုပ်ရန် အလျား ၁၀ ပေ၊ အနံ ရှစ်ပေနှင့်အမြင့်လေးပေရှိ မြေဆွေးကန်နှင့်လေမှုတ်စနစ် တပ်ဆင် ဆောင်ရွက်ထားရှိမှု၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်