Skip to main content

အာဆီယံ − တရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂-၂၀၂၃ ခုနှစ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိ

နေပြည်တော် ဧပြီ ၂၅

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး Mr.Tang Renjian ၏ ဖိတ်ကြားချက်အရ ဧပြီ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပမည့် အာဆီယံ−တရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ်ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာ ဖိုရမ်နှင့် (၂၄) ကြိမ်မြောက် သိပ္ပံနည်းကျစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပြပွဲများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စီမံကိန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းတို့သည် ယနေ့ဒေသစံတော် ချိန် နံနက် (၉) နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang ဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်သည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လယ်ယာထွက်ကုန် များဖြစ်သည့် သီးနှံထွက်ကုန်များသာမက ပြုပြင်ထားသောအေးခဲ အမဲသား၊ အေးခဲဆိတ်သားနှင့် အေးခဲဘဲသားစသည်တို့ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်တွင် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးဆက်လက်ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတ နိုင်ငံစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများပူးပေါင်းပြီးစပ်မျိုး နေကြာနှင့်အာလူးမျိုးအပါအဝင် အခြားအရေးကြီးသီးနှံများ၏ မျိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါ ထိန်းချုပ်မှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကွတ်ခိုင်မြို့နယ်၌ တိရစ္ဆာန်ရောဂါစောင့်ကြည့်ရေးစခန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင် များ လာရောက်စစ်ဆေး၍ အတည်ပြုနိုင်ရေး၊ မြန်မာ့မွေးမြူ ရေး တောင်သူများ၏ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ကူညီထောက်ပံ့ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေရရှိရေး၊ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေကူညီထောက်ပံ့မှုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့ရှိ Kempinski Hotel Beijing Yansha Center ၌ ကျင်းပသည့် အာဆီယံတရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်း အမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

တွေ့ဆုံနှုတ်ဆက်

အခမ်းအနားတက်ရောက်စဉ် အာဆီယံတရုတ် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်း အမှတ်နှစ် ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များတွေ့ဆုံ နှုတ်ဆက်ခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီး၏ ထင်ရှားသည့်အမှတ်အသားများကို သဲပန်းချီဖြင့် ရေးဆွဲသရုပ်ဖော်ခြင်းတို့ကိုဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်ရုံး ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းများ ပြောကြားကြသည်။

မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပြည့်စုံဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ရာသီဥတုအခြေအနေ ကောင်းမွန်ခြင်း၊ မြေဆီဩဇာ ကောင်းမွန်ခြင်း၊ ရေသယံဇာတကြွယ်ဝခြင်းတို့ကြောင့် သီးနှံမျိုးစုံကိုစိုက်ပျိုးထုတ်လုပ်နိုင်ပါ ကြောင်း၊ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး သည်မြန်မာနိုင်ငံတော်အစိုးရ၏ စီးပွားရေးဦးတည်ချက် များအနက် တစ်ခုဖြစ်ပါကြောင်း၊ ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာဖူလုံစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းလယ်ယာထွက်ကုန်များကို ယခင်နှစ်များထက် ပြည်ပသို့ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်များ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိပါကြောင်း၊ မြန်မာနိုင်ငံလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာထောက်ပံ့ကူညီမှုများကို မြန်မာ-တရုတ် နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၊ ပိုးလမ်းမစီမံကိန်း စသည့်ပူးပေါင်း ဆောင်ရွက်မှု အသီးသီးမှတစ်ဆင့်ရရှိခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အစီအစဉ်အရအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ လူငယ်လေးများက ကဗျာရွတ်ဆို ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ ဧည့်သည်တော်များက အာဆီယံ− တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်