ဘားအံ ဩဂုတ်လ ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်နှင့် ကျေးရွာများ ဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမတွင် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာဒေသများအတွက် အသေးစား ချေးငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအပေါ် ချေးငွေများ ရယူကာ အသေးစားလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် အကျိုးရှိစေလိုကြောင်း၊ ကျေးရွာဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တောင်းဆိုမှုအား လက်ခံဆောင်ရွက်ပေးခဲ့ရာတွင် တစ်လအတွင်း ဆောင်ရွက်ပေး သွားနိုင်ရေး ပြန်လည်ချိန်ဆက် သွားစေလိုကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာတွင် မကြာခင်မဲပေးကြရတော့မည် ဖြစ်သောကြောင့် မှန်မှန်ကန်ကန်မဲပေးနိုင်ရေးမဲစာရင်းများ ကြရှုနိုင်ကြစေရေး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးများက ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက် ရေရရှိရေး ရေမြောင်းပြုပြင်ခြင်းများ ဆောင်ရွက်ဖို့ လိုပါက ဆောင်ရွက်ပေးနိုင်ဖို့ အသိပေးတောင်းဆိုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ကျေးရွာများ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြတောင်းဆိုခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)