နေပြည်တော် ဧပြီ ၄
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြားဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်နှင့် ဘတ်/ကျပ် ငွေကြေးတိုက်ရိုက်အသုံးပြုပေးချေရေးစနစ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုတိုးမြှင့်ရန်အတွက် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်ဘဏ်များ၊ State Bank of India နှင့် Punjab National Bank, Yangon Representative Office တို့မှ ကိုယ်စားလှယ်များပါဝင်သည့် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ပူးပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဆောင်ရွက်မည့် ရူပီး/ကျပ်ငွေပေးချေမှုစနစ် Concept Paper တစ်ရပ်ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ်(Reserve Bank of India) မှ သဘောတူပြီးဖြစ်ကြောင်း၊ Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံ ဆောင်ရွက်ရမည့် designated bank အဖြစ်သတ်မှတ်ထားကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အားသာချက်များရှိကြောင်းနှင့် နှစ်နိုင်ငံ ဗဟိုဘဏ်များ သဘောတူပြီးငွေပေးချေမှု ပုံစံနည်းလမ်းများကိုဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် သက်ဆိုင်ရာအစိုးရဌာနများမှ အကြီးအကဲများ၊ ပုဂ္ဂလိကဘဏ်များမှတာဝန်ရှိသူများက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ဆောင်ရွက်ခြင်းတွင် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နှင့်အတည်ပြုချက်ရရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံသို့ ရူပီး/ကျပ် အကောင်အထည်ဖော်မှုအစီအစဉ်များ အသိပေးသွားမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်