နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ပြုလုပ်ရာ မြန်မာသမိုင်းအဖွဲ့ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပရိုင်းမိတ်ဖြစ်ပေါ်လာသည့်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလအထိ သမိုင်းစဉ်အဆင့်ဆင့်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးရေးသားလျက်ရှိပါကြောင်း၊ ယခင်ကရေးသားခဲ့သည့် သမိုင်းများလည်းရှိပါကြောင်း၊ ယခု ကာလနောက်ပိုင်းတွင် ပြည့်စုံမှုမရှိတော့ပါကြောင်း၊ လွန်ခဲ့သော ၂၅ နှစ်ခန့်က ညောင်ကန်တူးဖော်မှုမှစ၍ မြန်မာ့ကြေးခေတ်၊ သံခေတ်ကာလအား စတင်ဖော်ထုတ်လာနိုင်ခဲ့ခြင်းကြောင့် သမိုင်းတွင်ပြန်လည်ဖြည့်စွက်ရန်လိုအပ်ပါကြောင်း၊ အခြေခံပညာအပါအဝင် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများတွင်လည်း မြန်မာ့သမိုင်းနှင့်ပတ်သက်၍ လိုအပ်မှုများဖြည့်စွက်ရန်ရှိနေပါကြောင်း၊ ပြဋ္ဌာန်းစာအုပ်များတွင် ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစ၍ တစ်ဆက်တစ်စပ်တည်းသော ပညာရေးဝန်ကြီးဌာနသို့ လိုအပ်သည်များ ပြန်လည် ဖြည့်စွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ပါကြောင်းနှင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များအပေါ်တွင် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် ပြောကြားသည်။
လေ့လာတွေ့ရှိချက်တင်ပြ
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က မြန်မာနိုင်ငံ ကြေးခေတ်၊ သံခေတ်နှင့်ပတ်သက်၍ ကွင်းဆင်းတူးဖော်လေ့လာမှုများမှ တွေ့ရှိချက်တို့ကို စုစည်းပြုစုထားသည့် “မြန်မာ့သမိုင်း မတင်မီခေတ်ကြေးခေတ်၊ သံခေတ်တူးဖော်မှုများမှတွေ့ရှိရသော အထောက်အထားများ” အကြောင်းကိုလည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့မှအဖွဲ့ဝင် ဦးစိန်မြင့်က “ကြေးခေတ်၊ သံခေတ် မြို့ပြအကြိုကာလ” အကြောင်းကိုလည်းကောင်း တင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။
အပြီးသတ်ရေးသားနိုင်ရေး
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တစ်ဆက်တစ်စပ်တည်းသောသမိုင်းစဉ်ကို အပြီးသတ်ရေးသားထုတ်ဝေနိုင်ရေးအတွက် အခြားအဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင်များနှင့်ပူးပေါင်း၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်