Skip to main content

နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ICT သုတေသနရလဒ်များ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာမီမီခင်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယ ပါမောက္ခချုပ်များနှင့် မဟာဌာနမှူးများက ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက Center of Excellence ကွန်ပျူတာတက္ကသိုလ်ဖြစ်သဖြင့် နိုင်ငံတကာအဆင့်မီသင်ကြား၊ သင်ယူ စနစ်များနှင့် အခြေခံအဆောက်အဦ Facility များ ပြည့်စုံပြီးသုတေသနအခြေပြု Ranking မြင့်သော တက္ကသိုလ်ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ကာ ရေရှည်တည်တံ့စေရေး ပုံမှန်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ လေ့လာဆည်းပူးနိုင်ရေး စီမံဖြည့်ဆည်း ပေးရန်၊ ပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးပေးနိုင်ရန် မဟာဗျူဟာစီမံကိန်းအတိုင်း အရည်အချင်းပြည့်ဝသော ICT ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ သုတေသနရလဒ်များကို နိုင်ငံ့အကျိုးပြုလုပ်ငန်းများတွင် အသုံးချနိုင်ရေးအတွက် University-Industry Collaboration ကို မြှင့်တင် ဆောင်ရွက်ရန်မှာကြားပြီး ဆရာများနှင့် ကျောင်းသားများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်အသုံးပြုမှု၊ ဘာသာစကား လုပ်ဆောင်ရေး သုတေသနဌာန၊ ဆိုက်ဘာလုံခြုံ ရေးသုတေသနဌာန၊ Learning Management System ဆောင်ရွက်ထားမှု၊ Digital Library နှင့် Library Information System ခန်း ပြင်ဆင်ထားရှိမှု၊ Book Shop တွင် မူပိုင်ခွင့်ဖြင့် ပုံနှိပ်ပြီး မှီငြမ်းစာအုပ်များကို ကျောင်းသား များ ဈေးသက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဉ်ထားရှိမှု၊ ကွန်ပျူတာနည်းပညာ လက်တွေ့ခန်း၌ ငါးကန်မှ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး မြေမဲ့စိုက်ပျိုးရေးလုပ်ငန်း သုတေသနပစ္စည်းနှင့် Internet of Thingsကို အသုံးပြု၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး Smart City ပုံစံငယ်တည်ဆောက်ထားမှု၊ အားကစားခန်းမ ပြင်ဆင်ထားရှိမှုနှင့် သုတေသန စင်တာနှင့် ကျောင်းသားဆောင် တည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကွပ်ကဲမှုအောက်ရှိ အင်းလေးဆောင်၊ သဇင်ဆောင်၊ စဉ့်ကူဆောင်နှင့် ဇီဝကဆောင်များသို့ သွားရောက်စစ်ဆေးပြီး ကျောင်းသားများ အဆောင်စည်းကမ်းများနှင့်အညီ စနစ်တကျ နေထိုင်စေရန်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်