နေပြည်တော် ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နှင့်ယနေ့တွင် မကွေးဗဟိုအကျဉ်းထောင်နှင့် မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဗဟိုအကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ/ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ / မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ /မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ /မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင် ကြည့်ရှုစစ်ဆေးသည်။
ဗဟိုအကျဉ်းထောင်၌ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ /မရှိနှင့် Quarantine အဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၀၀ တို့ကို ကော်မရှင်က မကွေးဗဟိုအကျဉ်းထောင်ကို လှူဒါန်းရာ တာဝန်ခံအရာရှိက လက်ခံရယူသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်