Skip to main content

လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် ဘက်လိုက်ခြင်းမရှိဘဲ အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည်ကိုးစားမှုရယူပြီး ဦးစီးဌာန၊ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရေး အလေးထားဆောင်ရွက်ကြရမည်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားများ၏ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားမြင့်မားစေရေး များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း၊ မြေပြင်သို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြေပြင်သို့သွားရောက်၍မစစ်ဆေးနိုင်သည့် နယ်မြေများကို Online ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနမှစည်းကြပ်နေသည့် ဥပဒေ၊ နည်းဥပဒေများကို အလုပ်ရှင်၊ အလုပ်သမားများ သဘောပေါက်နားလည်စေရန် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ အလုပ်ရှင်များ အလုပ်သမားရေးရာဥပဒေများကို ပိုမိုနားလည်သဘောပေါက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ၌ လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်များကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် ဘက်လိုက်ခြင်းမရှိဘဲ အလုပ်ရှင်၊အလုပ်သမားများ၏ ယုံကြည်ကိုးစားမှုရယူပြီး ဦးစီးဌာန၊ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ တက်ရောက်ကြကြောင်း၊ သင်တန်းကို Hybrid System သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၄ ရက် အထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်