Skip to main content

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၁)၊ အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၂)၊ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၇)တို့၏ သင်တန်းဆင်းအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၁)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေး ပိုမိုထက်မြက်စေရန်ရည်ရွယ်၍ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး ၂၉၁ ဦးနှင့် အဆင့်မြင့်အရာရှိ ၄၉၂ ဦး တို့ကို လေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် မိမိတို့စီမံအုပ်ချုပ်ရသည့် ဝန်ထမ်းများအပေါ် မှန်ကန်သောခေါင်းဆောင်မှုပေးရန် လိုအပ်သကဲ့သို့ ပြည်သူများ၏ ယုံကြည်လေးစားအားထားရသောသူများ၊ အသိအမှတ်ပြု ခံရသူများဖြစ်ရန်လည်းလိုအပ်ကြောင်း၊ ကျွမ်းကျင်တတ်မြောက်ထားသော အသိပညာ၊ အတတ်ပညာများနှင့် အတွေ့အကြုံကောင်းများကို ကောင်းမွန်သောအတွေးအခေါ်များဖြင့်ပေါင်းစပ်၍ မှန်ကန်သောခေါင်းဆောင်မှု၊ မျှတသောဆုံးဖြတ်ချက်များဖြင့် ဝန်ထမ်းအဖွဲ့အစည်း တိုးတက်အောင်မြင်ရေး စနစ်တကျလုပ်ကိုင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး ၂၀ နှင့် အဆင့်မြင့်အရာရှိ ၃၈ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ရတနာခန်းမ၌ ကျင်းပသည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက လေ့လာဆည်းပူးရရှိခဲ့သော အတွေးအမြင်များနှင့် အသိပညာဗဟုသုတများကို ပြောင်းလဲလာသည့် နည်းပညာများ၊ နိုင်ငံတကာ၏ တိုးတက်မှုများနှင့်အညီ လိုက်လျောညီထွေရှိအောင် ကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရာ၌ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၉၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်