Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်း မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ ရပ်မိရပ်ဖများ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(ထပ်ဆင့်လွှင့်စက်ရုံ)၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုယ်ပွားသတင်း စာတိုက်(မြစ်ကြီးနား)တို့မှ အရာထမ်း၊ အမှုထမ်းများ၊ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် မြို့နယ် စာရေးဆရာများအသင်းမှ စာရေးဆရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့် တိုက်အတွင်း အသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ပျူတာသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပရာ ပြည်​ထောင်စုဝန်ကြီးက အမှာစကား​ပြောကြားရာ၌ ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းစွာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အတွက် အကျိုးရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရန်၊ စိတ်ထားကောင်းသည့်၊ နိုင်ငံချစ်တတ်သည့် လူငယ်များပေါ်ထွန်းလာစေရေး၊ ပြည်သူများထံ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရေးနှင့် နိုင်ငံတော်ကအားထားရသည့် မီဒီယာသမားများဖြစ်လာစေရေးကြိုးစားကြရန်၊ ယခုလူထုအခြေပြုဗဟိုဌာနကို ပြည်သူများ၊ လူငယ်များ ပိုမိုလာရောက်အသုံးပြုနိုင်ရေး ထိုးထွင်းကြံဆဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဌာနလုပ်ငန်းများကိုလည်းကောင်း၊ စာရေးဆရာများနှင့် ရပ်မိရပ်ဖများက အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကိုယ်ပွားသတင်းစာတိုက် (မြစ်ကြီးနား)သို့ရောက်ရှိပြီး လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကိုယ်ပွားသတင်းစာတိုက် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ပြည်နယ်(ပြန်/ဆက်)