နေပြည်တော် ဇန်နဝါရီ ၇
စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေယာစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းပြုစုခြင်း လုပ်ငန်းများ၊ မြေခွန်စည်းကြပ်ခြင်း လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်တိကျသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး၊ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံ၌ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို လုပ်ငန်းဆောင်ရွက်သူက မှတ်ပုံတင်မှူး ရှေ့မှောက်တွင် ကိုယ်တိုင်မြွက်ဟ ကြေညာခြင်း (Declaration) အဆင့်သာ ဆောင်ရွက်နိုင်ပြီး IT စနစ်ဖြင့် Online မှ စာချုပ်စာတမ်းမှတ်ပုံ တင်လုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့်အတူ မူပိုင်ခွင့်နှင့် အရည် အသွေးဆိုင်ရာ ပိုင်ဆိုင်ခွင့် ကို ပြည်သူများ တစ်ပါတည်း ရယူခံစားနိုင်ကြစေရေးအတွက် ဆက်လက်အားထုတ် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများရရှိရေး ဆောင်ရွက်နေမှု၊ ယခင်က စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းကို ၁၉၀၈ ခုနှစ် အိန္ဒိယစာချုပ်စာတမ်းဥပဒေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ရောက်မှသာ မိမိတို့နိုင်ငံသားများကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းထားရှိသော ၂၀၁၈ ခုနှစ် စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်၍ လုပ်ငန်းများ ချွတ်ချော်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
ဒေသအသီးသီးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများအနေဖြင့် ကျင့်သုံးဆဲ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့် (Digital Deeds Management System နှင့် Farm Land Digital Management System) လုပ်ငန်းရပ်များကို ပိုမိုသိရှိနားလည်ကြပြီး ကျွမ်းကျင်မှုမြင့်မားစွာ ဆောင်ရွက်နိုင်ကြစေရန် အလုပ်ရုံဆွေးနွေးပွဲများခေါ်ယူ၍ လုပ်ငန်းများ တင်ပြဆွေးနွေးခြင်း၊ ဒေသအလိုက် အတွေ့အကြုံများ အခက်အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး ဖော်ထုတ်ကာ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသော အလုပ်ရုံဆွေးနွေးပွဲမှာ ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်