နေပြည်တော် ဒီဇင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အဆိုပါရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ဖြစ်ပေါ်လာပုံ၊ ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဘက်စုံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းသည် တပ်မတော်သားများအပြင် နိုင်ငံ့ ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အခြေအနေများ၊ အမြတ်ကိုအဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုသည့်အခြေအနေများ၊ မွေးမြူရေးဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်လိုသည့်အခြေအနေများ၊ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်အထိ စိုက်ပျိုးမွေးမြူရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်သည့်အခြေအနေများ စသည်ဖြင့် မှာကြားသည်။
ဆက်လက်ပြီး ညောင်နှစ်ပင်အထူးဇုန်နှင့်ပတ်သက်၍ မြေပြင်တွင်အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေမှုများကို ကြီးကြပ်ရေးအဖွဲ့များဖြင့် စနစ်တကျကြပ်မတ်ရန်လိုသည့် အခြေအနေများ၊ ရန်ကုန်မြို့ရှိ လူဦးရေနှင့်အညီ Supply နှင့် Demend ကိုမျှတမှုရှိစေရေး တွက်ချက်ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ပိုလျှံသော သား၊ ငါးများကို ခေတ်မီအေးခဲစနစ်ဖြင့် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ပို့ဆောင်နိုင်ရေးစီမံသွားရန်နှင့်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ စသည်ဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ မှိုနှင့် ကြက်ဥများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မိဘမျိုးရင်းနိုဗိုဂျင်ဘရောင်းမျိုးကြက်များ မွေးမြူထားရှိမှုအခြေအနေ၊ ငါးကန်အမှတ်(၁)မှ ငါးများဖော်ယူ နေမှုအခြေအနေအား ကြည့်ရှုအားပေးသည်။ အဆိုပါကန်၌ ငါးမြစ်ချင်း (၁၅၀၀)ကောင်၊ ငါးတန် (၈၀၀)ကောင်၊ ငါးမုတ် (၅၀၀)ကောင်၊ မြက်စားငါးကြင်း (၂၀၀)ကောင်တို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်မွေးမြူခဲ့ရာ ယခုကန်ဖော်သည့်အချိန်တွင် ငါးတစ်ကောင်လျှင် ပျှမ်းမျှ ၁ ပိဿာခန့်ရှိပြီး ယနေ့ဖော်ယူရရှိမှုအနေဖြင့် ၂၂၅၀ ပိဿာ ဖော်ယူရရှိခဲ့ရာ ဈေးနှုန်းသက်သာစွာဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းနောက် စိုက်ပျိုးမွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ခံများ၏ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၃) စိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်၍ သားဖောက်ရန် မျိုးရင်းဝက်မွေးမြူထားရှိမှု အခြေအနေ၊ ကာကီကင်းဘဲ (၁၀၀၀)ကောင် မွေးမြူထားရှိသည့်အခြေအနေနှင့် ငါးကန် (၁၆)ကန်တွင် ငါးများမွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။