နေပြည်တော် ဒီဇင်ဘာ ၂၆
လူငယ်နှင့် စာပေအနုပညာပြပွဲကို ယနေ့မှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂၌ ကျင်းပလျက်ရှိသည်။
အဆိုပါ ပွဲတော်ကြီးတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စာပေဆိုင်ရာ အကြောင်းအရာများ၊ အနုပညာရပ် ဆိုင်ရာအကြောင်းအရာများ ပါဝင်သည့် ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသထားပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်း၊ သမိုင်းဖြစ်ရပ်များကို သိရှိနိုင်စေမည့် ရုပ်ရှင်ဇာတ်ကားကောင်းများကိုလည်း ထည့်သွင်းပြသလျက်ရှိရာ စိတ်အားထက်သန်စွာ လာရောက် လေ့လာကြသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများနှင့် တွေ့ဆုံ၍ ရင်တွင်းခံစား ချက်များကို အများပြည်သူ သိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။
ဒေါက်တာသန်းထိုက်စိုး (ကျောင်းအုပ်ကြီး၊ အထက-(၁၆)၊ မန္တလေးတိုင်းဒေသကြီး)
ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနကိုယ်စား အခြေခံပညာဦးစီးဌာန ရွေ့လျားသိပ္ပံပြတိုက်ကို ကျောင်းသားကျောင်းသူ လူငယ်များကို လာရောက်ပြသခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ သင်ရိုးညွှန်းတမ်းမှာ သင်ထားတဲ့အတိုင်း စာတွေ့လက်တွေ့ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။ ရွေ့လျားသိပ္ပံ ပြတိုက်များရဲ့ အကျိုးကျေးဇူးက ကျေးလက်နဲ့မြို့ပြရဲ့ ပညာရေးကွာဟမှုကို ကျဉ်းမြောင်းစေမှာ ဖြစ်တဲ့အတွက် အင်မတန်မှအကျိုးရှိစေပါ တယ်။ စိန်ရတုပြည်ထောင်စုနေ့မှာ ပြသခြင်းနဲ့ယခုပြသခြင်းက မတူပါဘူး။ တစ်နှစ်ထက် တစ်နှစ်ဆန်းသစ်အောင်၊ မတူညီတဲ့ ရသပေးနိုင်အောင်၊ ပညာရပ် တွေကို ဖြန့်ဝေနိုင်အောင် ကြိုးစားနေပါတယ်။
အခုလိုပြပွဲတွေ နှစ်စဉ်နှစ်တိုင်းရှိဖို့ မျှော်လင့်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ဒီထက်ကောင်းမွန်အောင်ပြသဖို့ ရည်ရွယ်ထားပါတယ်။ စာသင်ကြားတဲ့အခါမှာ စာတွေ့နဲ့လက်တွေ့ကို ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီးစိတ်ဝင်စားမှုရရှိစေပါတယ်။ စာအုပ်ထဲမှာ ဖတ်ထားတဲ့စာကို အပြင်မှာ ထိတွေ့ကိုင်တွယ်ပြီး လက်တွေ့လုပ်ရတဲ့အတွက် ပိုပြီးအောင်မြင်ပါတယ်။ ဒီပြပွဲမှာဆိုရင် အခြေခံကျောင်းသားများသာမက အဆင့်မြင့် ကျောင်းသားတွေ၊ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေကို တွေ့ရတဲ့အတွက် ပညာရပ်တွေကိုလည်း ဖလှယ်လို့ရတယ်။ ဖလှယ်ခွင့်ရတဲ့အခါမှာလည်း ကိုယ်မသိသေးတဲ့ပညာတွေလည်း သိရှိခွင့်ရတဲ့အတွက် များစွာအကျိုးရှိစေပါတယ်လို့ ပြောချင်ပါတယ်။
ဦးသိန်းထွန်းအောင် (အကြံပေး၊ Forever Group)
ဒီပြပွဲမှာ ကြီးမြတ်သောမြန်မာရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးစဉ်က ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ အပါအဝင် ရုပ်ရှင်ဇာတ်ကားကို 2D စနစ်နဲ့ ပြသမှုကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ထူးခြားမှုအနေနဲ့ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး 3D ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားမှာ မြန်မာလူမျိုးတွေရဲ့အထွတ် အမြတ်ထားတဲ့ စေတီပုထိုးတွေမှာ ရွှေသင်္ကန်းကပ်လှူတဲ့ အလှူဒါနကြီး မြတ်ပုံကို ဖော်ကျူးထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ထေရဝါဒဗုဒ္ဓဘာသာ ဘယ်လိုစတင် ပြန့်ပွားလာတယ်၊ ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားလာအောင် သာသနာပြု မင်းကောင်းမင်းမြတ်တွေက ဘယ်လိုကြိုးစားပြီးတော့ အကောင်အထည်ဖော်ခဲ့တယ်ဆိုတာ ပြသသွားမှာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူနဲ့လူငယ်တွေကို ဘယ်လိုစိတ်မျိုးနဲ့မွန်မြတ်စွာ အလှူဒါနပြုကြရတယ်၊ ပထမမြန်မာ နိုင်ငံတော်ကြီးကို အနော်ရထာမင်းကြီး၊ ကျန်စစ်သားမင်းကြီးတို့က ဘယ်လိုထူထောင်ခဲ့ကြရတယ်၊ အရှင်အရဟံကနေပြီး ထေရဝါဒဗုဒ္ဓဘာသာပြန့်ပွားလာအောင် ဘယ်လိုဆောင်ရွက်ပေးတယ်ဆိုတာကို ဇာတ်ကားမှာပြသသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကြီးကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ဆက်တိုက် ဆောင်ရွက်ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ပြည်သူလူထုကို တစ်ကြိမ်ပြသပြီး ဖြစ်ပါတယ်။ အခုအချိန်မှာလည်း အနာဂတ်ရဲ့မျိုးဆက်သစ်ဖြစ်တဲ့ လူငယ်တွေကို ပြသခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။
ဦးအောင်မြင့် (ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
ဒီနေ့ပြပွဲမှာ စာကြည့်တိုက်များ ဆိုင်ရာပြခန်းနှစ်ခန်းနဲ့ ပြတိုက်ဆိုင်ရာ ပြခန်းသုံးခန်း စုစုပေါင်းပြခန်း ငါးခန်းခင်းကျင်းပြသပေးပါတယ်။ စာကြည့်တိုက်များဆိုင်ရာ ပြခန်းကို အမျိုးသား စာကြည့်တိုက် (ရန်ကုန်)ကနေ တာဝန်ယူခင်းကျင်းပါတယ်။ ဒီပြခန်းမှာ စာကြည့် တိုက်သမိုင်းကြောင်းဆိုင်ရာ အချက် အလက်တွေ၊ ပေ၊ ပုရပိုက်ဆိုင်ရာနဲ့ပတ်သက်ပြီး ရှင်းလင်းပြသခြင်းတွေ၊ စာကြည့်တိုက် လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခြင်းတွေ၊ လူငယ်တွေ လေ့လာဖတ်ရှုနိုင်ဖို့ စာအုပ်တွေ ပြသထားတဲ့ ပြခန်းတွေ ပါဝင်ပါတယ်။ နောက်ပြီးရှေးတုန်းက စာသင်ကျောင်းတွေမှာ အသုံးပြုခဲ့တဲ့ ကျောက်သင်ပုန်း အကြီးပေါ်မှာ နမူနာရေးသားလို့ရအောင် ပြုလုပ်ပေးထားတဲ့ ပြကွက်လေးလည်း ပါဝင်ပါတယ်။ ပြတိုက်ဘက်မှာတော့ မြန်မာစာပေအရေးအသားဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပြခန်းကို အဓိကထားပြသထားပါတယ်။ ကျောက်စာကနေမင်စာ၊ ပေစာ၊ ပုရပိုက်စာစတဲ့စာပေအရေးအသား အဆင့်ဆင့်ကိုလည်း ခင်းကျင်းပြသထားပါတယ်။
ဒီပြပွဲမှာ ကျွန်တော်တို့က စာပေကို အဓိကထားပြသပါတယ်။ လူငယ်တွေ စာဖတ်တဲ့ဓလေ့ကို မြတ်နိုးတန်ဖိုးထား တတ်စေဖို့ ရည်ရွယ်ပြသခြင်းဖြစ်တဲ့အတွက် လာရောက်လေ့လာမယ်ဆိုရင် အကျိုးကျေးဇူးရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့စာပေရဲ့ သမိုင်းကြောင်းကိုသိရှိပြီး ကိုယ့်စာပေအပေါ်မှာ မြတ်နိုးတန်ဖိုးထား လာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီပြပွဲဟာ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုတဲ့ပွဲလည်းဖြစ်ပါတယ်။ အဓိပ္ပာယ်တွေ လေးနက်ပြည့်စုံနေတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။
ဒေါက်တာနေမျိုးထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
ဒီပြပွဲမှာဝန်ကြီးဌာနအနေနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေ၊ အသိပညာ၊ အတတ်ပညာရှင်တွေ ဘယ်လို မွေးထုတ်ပေးနေတယ်ဆိုတာကို သိစေလို ခြင်းဖြစ်ပါတယ်။ ဒီလိုပညာရပ်တွေကိုလေ့လာသင်ယူလို့ရတဲ့ နည်းပညာ နယ်ပယ်တွေရှိတယ် ဆိုတာကို ပြသချင်တဲ့အတွက် ပါဝင်ခင်းကျင်းပြသခြင်းဖြစ်ပါတယ်။ ပြခန်းအမျိုးအစားအားလုံးပေါင်း ၁၈ ခန်းရှိပြီး ပြကွက်ပေါင်း ၃၁ ခုရှိပါတယ်။
ကျောင်းသားလူငယ်တွေကို တစ်ချိန်မှာ ပညာရှင်တွေ ဖြစ်လာဖို့ဘယ်လို ဘာသာရပ်နယ်ပယ်တွေကို လေ့လာ သင်ယူလို့ရသလဲဆိုတာကို တစ်ဆင့်ချင်း ရှင်းလင်းပြသသွားမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အင်ဂျင်နီယာပညာ ရှင်၊ ကွန်ပျူတာပညာရှင်တွေနဲ့ ပါရဂူဘွဲ့တွေအထိ မွေးထုတ်ပေးနေတဲ့ အတွက် ကျွန်တော်တို့ ပြခန်းတွေကို လာရောက် လေ့လာစေချင်ပါတယ်။ လူငယ်တွေ သိသင့်သိထိုက်ပြီး အနာဂတ်မှာ ပညာရှင်တွေ ဖြစ်လာဖို့ဘယ်လို မွေးထုတ်ပေးနေတယ်ဆိုတာကို စိတ်ဝင်တစား လာရောက်လေ့လာစေချင်ပါတယ်။
ကပ္ပတိန်ကျော်ကျော်ဝင်း (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)
ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြခန်းရှစ်ခုပဝင်ပြသပါတယ်။ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီပြပွဲမှာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှာရှိနေတဲ့ လေ့ကျင့်ရေးပစ္စည်းတွေ၊ ကုန်သွယ်ရေကြောင်းမှာ သွားလာနေတဲ့ သင်္ဘောတွေရဲ့ပုံစံတွေကို ပြသခြင်းအားဖြင့် လာရောက်လေ့လာတဲ့ လူငယ်တွေအနေနဲ့ ရေကြောင်းကဏ္ဍကို စိတ်ပါဝင်စားမှုပိုမိုရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်ထူးခြားမှုအနေနဲ့က တကယ်သင်္ဘောပေါ်မှာ လှိုင်းတွေလှုပ်တဲ့ပုံစံမျိုး တီထွင်ပြသထားပါတယ်။ ဒီလိုပြပွဲကျင်းပ ပေးတဲ့အတွက် ရေကြောင်းကဏ္ဍကိုပိုမိုစိတ်ဝင်စားစေပြီး မြန်မာနိုင်ငံရေကြောင်း ကုန်သွယ်ရေးဌာနမှာ ထူးချွန်ထက်မြက်တဲ့ ရေကြောင်း ပညာရှင်တွေထွက်ပေါ်လာစေမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပြပွဲကျင်းပပေးတဲ့အတွက် လူငယ်တွေအနေနဲ့ အသိပညာ၊ ဗဟုသုတတွေကြွယ်ဝလာ စေပြီး ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက် လာစေမယ်လို့ ထင်ပါတယ်။
ဒုတိယရဲမှူးကြီး ဇော်ဌေးဦး (ပြည်ထဲရေးဝန်ကြီးဌာန)
ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ ပြခန်းလေးခန်းပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန် ၄ ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ ၄ ရပ်ကို ဖော်ကျူး ထားတဲ့ ပြခန်း လေးခန်း ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေက နောင်တစ် ချိန်မှာ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှာ ပြသထားတဲ့ ပြခန်းလေ့လာကြည့်ခြင်းအားဖြင့် ဗဟုသုတတွေများစွာရရှိပြီး အနာဂတ် အတွက်လည်း အထောက်အကူရရှိစေမှာ ဖြစ်ပါတယ်။
မယွန်းဝတီဖြိုး (ကျောင်းသူ၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်)
သမီးအနေနဲ့ပြခန်းတွေ အကုန်နီးပါး လေ့လာပြီးပါပြီ။ ပြခန်းတွေ အများကြီးထဲမှာ ရေကြောင်းပြခန်းကို ပိုပြီးစိတ်ဝင် စားပါတယ်။ အခုလိုရေကြောင်းပြခန်းတွေ ပြသပေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လည်း အားတက်စေပါတယ်။ ကိုယ်လည်း ဒီလိုကြိုးစားမယ်ဆိုတဲ့စိတ် ဖြစ်ပေါ်ပါတယ်။ သမီးဘဝအတွက် အကျိုးကျေးဇူး တွေ အများကြီးရရှိစေပါတယ်။ ဒီလိုပြခန်းတွေက ကိုယ့်နိုင်ငံမှာ တကယ်ရှိနေတယ် ဆိုတဲ့အတွက်ကြောင့် အသက်ဝင်ပြီး စိတ်အားတက်ကြွစေပါတယ်။ ဒီပြပွဲနဲ့ပတ်သက်ပြီး ကိုယ့်အတွက်အမှန်တကယ် အထောက်အကူပြုစေလို့ အားလုံးကိုလည်း လာရောက်ကြည့်ရှုစေချင်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်၊ ဓာတ်ပုံ - ကိုထိန်