နေပြည်တော် ဒီဇင်ဘာ ၂၆
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ စတင်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါပြပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေးပြခန်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ လွတ်လပ်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အလံလွှင့်တင် ခြင်းအခမ်းအနား မှတ်တမ်းမှတ်ရာ၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေး အသိအမှတ်ပြုစာတမ်း၊ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်၊ မြန်မာနိုင်ငံတော်အလံများနှင့် ၁၉၄၈ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်တို့ကို ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာအုပ်အရောင်းဆိုင်နှင့် ရွေ့လျားစာအုပ်အရောင်းဆိုင်များ၊ စာပေဗိမာန်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်း များကို ပြသထားသည်။
စည်ကားလျက်ရှိ
ထို့ပြင် ပြည်သူများ သိသင့်သိထိုက်သည့် သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် ကျောက်စာများပြခန်း၊ အမျိုးသားစာကြည့်တိုက်ပြခန်း၊ ရေကြောင်း၊ လေကြောင်း၊ မြန်မာ့မီးရထားနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးပြခန်း၊ သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်း၊ နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်းများ၊ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေးနှင့် ဆေးလိပ်/ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးပြခန်း၊ လူငယ်များသိသင့်သိထိုက်သည့် အားကစားနှင့်လူငယ်ရေးရာပြခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန် အစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်းစသည်ဖြင့် ပြခန်းပေါင်း ၆၀ ကျော်တို့ကို ခင်းကျင်းပြသထားသည်။
အလားတူ စာအုပ်စာပေဖတ်ရှုရန်စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ် များအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေး စီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။
ပြပွဲအတွင်း၌လည်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံ ပြပွဲနှင့် ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသထားရာ ဓာတ်ပုံချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြသည်။
ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး နိုင်ငံ၏ ဘာသာ၊ သာသနာ နှင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို သိရှိစေနိုင်မည့် အထူးဖျော်ဖြေရေး အစီအစဉ်များအဖြစ် ကြီးမြတ်သော မြန်မာ၊ သူ့ကျွန်မခံပြီနှင့် ငဘရုပ်ရှင်ကားများကိုလည်း အနုပညာဆိုင်ရာ အစီအစဉ်တစ်ခုအဖြစ် နေ့ရက်အလိုက် တင်ဆက် ပြသမှုများ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်းပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက် ကြသူများကလည်း စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။
ရှင်းလင်းပြသပေး
ထို့ပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သော ကြီးမြတ်သော မြန်မာမှတ်တမ်းရသရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာ ပစ္စည်းများ၊ ရိုက်ကွင်းကြိုတင်ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များကို ပြည်သူများသိရှိနိုင်စေရန် ပြသထားပြီး သိရှိလိုသည်များကိုလည်း အနုပညာရှင်များက ရှင်းလင်းပြသပေးကြသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထီးရိုး စေတီတော်နှင့်အင်းလေးဖောင်တော်ဦး ဘုရားများပါဝင်ပြီး သာယာလှပသော တောတောင်ရှုခင်းများ၊ မြန်မာ့ရိုးရာ လက်မှုအတတ်ပညာများဖြစ်သော ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းတဉ်းအတတ်ပညာ၊ ရွှေချည်ထိုး၊ ရွှေဆိုင်းပြုလုပ်ပုံအဆင့်ဆင့် အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ပေါင်းစပ်ရိုက်ကူး တင်ဆက်ထားသည့်အတွက် လက်လွှတ်မခံဘဲ လာရောက်ကြည့်ရှုသင့်သည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခု အဖြစ်ပြည်သူများ တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယို အတွင်း သတင်းကြေညာသည့် ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင် ဝင်ရောက်သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့်လည်း ပြည်တွင်းနှင့်နိုင်ငံတကာရှိ သတင်းထူး၊ သတင်းဦးများကို ဖော်ပြပေးနေသည့် နေ့စဉ်ထုတ် သတင်းစာ များဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို www.mdn.gov.mm website နှင့် Mobile Application မှ အချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ကြောင်းကို ပြခန်းဖွင့်လှစ်၍ ပြပွဲလာသူများသိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် “မူးယစ်ဆေးဝါး ကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက် မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများ၊ လောင်းကစား ပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သော ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးပြစ်မှု ပြစ်ဒဏ်များကိုပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။
ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန်အစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်း၌လည်း ပုသိမ်ထီး လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ်တစ်ခုအနေဖြင့် ပြသပြီး ဒေသထွက်အစားအစာများဖြစ်သော ပုသိမ်ဟလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောကြော်နှင့် ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ပေးလျက်ရှိရာ လာရောက်အားပေးသူများဖြင့်လည်း စည်ကားခဲ့သည်။
အဆိုပါပွဲတော်ကြီးသို့ လာရောက် လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့်ကလေးငယ်များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများနှင့် ပဟေဠိကစားနည်းများကို အသိပညာပေး နည်းလမ်းများတွဲဖက်၍ ကစားစေပြီး ဆုများချီးမြှင့်သည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်ကိုတွေ့မြင်ရသည်။
နေရာအနှံ့ချိတ်ဆွဲ
ထို့ပြင်ပြပွဲသို့ လာရောက်ကြသူများ တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ် ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းထားကာ ပြပွဲဧရိယာအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေး ဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ချိတ်ဆွဲ ဖော်ပြပေးထား သည်။
အဆိုပါပြပွဲအား ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစာအုပ် စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုး ကျေးဇူးကို သိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာ ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက် ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့်ပြခန်းများ ခင်းကျင်း ပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ပါဝင်ဆင်နွှဲနိုင်
ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များသိသင့် သိထိုက်သည့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေနှင့်အနုပညာဆိုင်ရာ အကြောင်းအရာများကို ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ် ပြသမည့် လူငယ်နှင့်စာပေ အနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သောကြောင့် လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း - အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ကိုထိန်