နေပြည်တော် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၂ ရက်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးအမှတ်(၇)ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများကဂိတ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်နှင့် မီတာ ၃၀၀ ခန့်အကွာနေရာများမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည်ဂိတ်အနီးရှိ အမှတ်(၇)ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူအမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တောင်ကလေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်