Skip to main content

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့မည့်အနက် တန်ချိန်တစ်သိန်းခြောက်သောင်းကျော် တင်ပို့

နေပြည်တော် ဒီဇင်ဘာ ၂၂

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့မည့်အနက် တန်ချိန်တစ်သိန်းခြောက်သောင်းကျော် တင်ပို့ပြီးစီးမှုနှင့် တင်ပို့ရန်ကျန်ရှိသည့်ဆန်များ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် တင်ပို့နိုင်ရေးနှင့်ဆန်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကြည့်မြင်တိုင်ဆိပ်ကမ်းရှိ ထူးကုမ္ပဏီ၊ Diamond Dragon Co., Ltd နှင့် Six Winner Brother Co., Ltd စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီသိုလှောင်မှု၊ ဖြန့်ဖြူးမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Pan Pacific Hotel ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်