နေပြည်တော် ဒီဇင်ဘာ ၂၁
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဟိန်းထွန်းဇော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း မင်းခန့်ကျော်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ကျော်သူရတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် သင်တန်းတွင် တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများ တတ်ကျွမ်းရမည့် စစ်ပညာနှင့် စာပေပညာရပ်များကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် အပတ်တကုတ် ကြိုးစားသင်ယူအောင်မြင်ခဲ့ကြပြီး တပ်မတော်က ယုံကြည်အားထားရမည့် ဆရာဝန် ဆေးမှူး၊ အရာရှိများအဖြစ် တာဝန်ကျရာဒေသ အသီးသီးကို သွားရောက်တာဝန် ထမ်းဆောင်ကြရတော့မည် ဖြစ်သည့်အတွက် မှာကြားစရာ ရှိသည်များကို အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိ ကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မတော်အရာရှိ ဆရာဝန်များ လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း။
တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဆေးမှူးအရာရှိများသည် ယနေ့မှစပြီး တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးရတော့မည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိသည့် တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ လိုအပ်လာပါက စစ်မြေပြင်တွင် စစ်ဆင်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးလိုက်သည့် စစ်ပညာနှင့်စာပေပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အမြဲမပြတ် လေ့လာကြိုးပမ်းနေရမည် ဖြစ်သကဲ့သို့ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် “ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် (Make Fit to Fight)” ဆိုသည့် ရည်မှန်းချက်တာဝန်ကိုလည်း တစ်ထောင့်တစ်နေရာမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
တာဝန်ကျရာဒေသ အသီးသီးရှိ တပ်မတော်သားမိသားစုဝင်များ၏ ကျန်းမာရေးသာမက တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေးကိုလည်း “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန် မှာကြားလိုကြောင်း၊ ထို့ပြင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် (Prevention is better than cure) ဆိုသည့်အတိုင်း ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ မြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာ ပညာပေးသည့် လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း။
ဆေးမှူးများဖြစ်လာမည့် ကျောင်းဆင်းအရာရှိများသည် တပ်မတော်သားတစ်ဦးအနေဖြင့် စည်းကမ်းလိုက်နာခြင်းနှင့် ကျန်းမာကြံ့ခိုင်အောင်နေထိုင်ခြင်းတို့ကို အဓိက ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု အားကောင်းမှသာ အထက်အောက် အပြန်အလှန်ယုံကြည်လေးစားမှုရှိလာပြီး တာဝန်ထမ်းဆောင်ရာတွင် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှလည်း စွမ်းရည်ထက်မြက်သည့် တပ်မတော်သားကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း။
ဒီနေ့ခေတ်ကို ဒစ်ဂျစ်တယ်အင်တာနက်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)တို့ ပေါင်းစပ်ထားသည့် စက်မှုတော်လှန်ရေး စတုတ္ထခေတ် (Industry 4.0)ဟု ပညာရှင်များက သတ်မှတ်ထားကြပြီး ကုန်ပစ္စည်းထုတ်လုပ်မှု၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးမှုလုပ်ငန်းများတွင် လူလုပ်အသိဉာဏ်မြင့်စက်ရုပ်များ၊ သုံးဘက်မြင် နည်းပညာများ၊ နည်းပညာမြင့်ဒစ်ဂျစ်တယ် ကိရိယာများကဲ့သို့သော လျှပ်စစ်ပစ္စည်းများ အသုံးပြုဆောင်ရွက် လာကြပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ စက်မှုတော်လှန်ရေး စတုတ္ထခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် ဒီဂျစ်တယ်နှင့် ကွန်ပျူတာနည်းပညာများကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ တွင်ကျယ်စွာ အသုံးပြုရန် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြင်ဆင်နေကြပြီဖြစ်ကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လူကိုယ်တိုင် ဝင်ရောက် ထိန်းချုပ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည့် စက်ရုပ်များနှင့် သုံးဘက်မြင်နည်းပညာ (Three Dimension)ကို အသုံးပြုပြီး တိကျမှု အလွန်ကောင်းမွန်သည့် ခြေတုလက်တုထုတ်လုပ်နိုင်သည့် စက်များကိုပါ တီထွင်ဖန်တီး အသုံးပြုနေကြပြီဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး သမိုင်းအစဉ်အလာကြီးခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်က(၇၅) နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ကြီးသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးကို သယ်ပိုးထမ်းရွက်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးရုံ/ ဆေးတပ်ရင်းများတွင်သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများအတွက် ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် လိုအပ်သော ဆေးကုသရေးဆိုင်ရာ ယန္တရား/ပစ္စည်းများဖြည့်တင်းပြီး နိုင်ငံအနှံ့ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်းများ၊ မီးဖွားခြင်းများနှင့် ပြင်ပလူနာကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
တပ်မတော်ဆေးရုံများကိုလည်း လက်ရှိအချိန်တွင် ကျောက်ကပ်အစားထိုးကုသမှု၊ အသည်းအစားထိုးကုသမှု၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသမှု၊ နှလုံးခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသမှုပြုလုပ်နိုင်အောင် အဆင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ စသည့်အဆင့်မြင့် ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်သည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သည့်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပ်မတော်အတွင်း ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တပ်မတော် ဆေးတပ်ဖွဲ့အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့်ပတ်သက်လာပါက “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့်ဆောင်ပုဒ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာရပ်တည်နေသည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်း၊ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ထိုအထဲတွင်ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်မားနေချိန်အတွင်း ကျန်းမာရေးဝန်ထမ်း အချို့အနေဖြင့် အများပြည်သူ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လျစ်လျူရှုရုံသာမက ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသူများကို နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းသည် သမိုင်းတွင် မည်သို့မျှ ဖျောက်ဖျက်မရသည့် အမည်းစက်များပင် ဖြစ်ကြောင်း။
လွဲမှားသည့် စိတ်ခံစားချက်နှင့် လှုံ့ဆော်ချက်များကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကိုရင်ဆိုင်နေရချိန်၌ ဆရာဝန်ကျင့်ဝတ် သိက္ခာကင်းမဲ့ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သစ္စာမဲ့စွာဖြင့် မျက်ကွယ်ပြု ကျောခိုင်းခဲ့သည့် လုပ်ရပ်များကို ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူအချို့ အသက်ဆုံးပါးခဲ့ခြင်းများကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကို ခံယူခဲ့ပြီးသူတစ်ဦးသည် လူသားတို့၏အသက်ကို ကယ်တင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါဆရာဝန်များသည် သစ္စာမဲ့သူ၊ လူနာများအပေါ် ထိခိုက်ကျူးလွန်ခဲ့ သူများသာဖြစ်ကြောင်း၊ သစ္စာဆိုသည့်စကား၏ အဓိပ္ပါယ်သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ္စာတရားတည်ကြည်ခြင်းသည် အကျိုးရလဒ်ဖြင့် ပြည့်ဝနေမည်ဖြစ်သကဲ့သို့ သစ္စာတရားပျက်ယွင်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်းများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကို သင်ခန်းစာယူပြီး မိမိအဖွဲ့အစည်းနှင့် မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ် မြဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်သမိုင်းတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဂုဏ်ဆောင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် အသက်စွန့် အမှုထမ်းခဲ့သူများ အမြောက်အမြားရှိသကဲ့သို့ နိုင်ငံတကာဆေးပညာရှင်များနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်သားအရာရှိ ဆရာ ဝန်များလည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြကြောင်း၊ အဆိုပါအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး အနာဂတ်တာဝန်များ ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများသည် စစ်ဘက်၊ နယ်ဘက်ဥပဒေများကို တိကျစွာလိုက်နာကြရမည်ဖြစ်ကြောင်း။
“သမားဇာနည် အောင်စစ်သည်” ဟူသည့် တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် ဆေးမှူးအရာရှိကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန်၊ ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသုတေသနပြုပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးဘက်ပညာရှင်များဖြစ်လာအောင် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊ တာဝန်ကျရာ တပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထုများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်ကိုမြှင့်တင်ပြီး ထူးချွန်ထက်မြက်သည့် ဆေးသိပ္ပံပညာရှင်ကောင်း တစ်ဦးဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းကာလ ၇ နှစ်တာကာလ တစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုကြောင့် ထူးချွန်ဆုများရရှိခဲ့ခြင်း ဖြစ်သဖြင့် ကောင်းမွန်သည့် အခြေခံကောင်းများရှိခဲ့ပြီးဖြစ်ကြောင်း၊ ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးတွင်ရှိသင့်သည့် ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းသည့် သူများဖြစ်အောင်လည်း နေထိုင်ကျင့်ကြံရမည် ဖြစ်ကြောင်း၊ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘကျေးဇူးကို မိဘများ၏စကားကို နားထောင်ခြင်းအားဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦး ပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုရှိမှသာလျင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မပျောက်စေရေးအတွက် စဉ်ဆက်မပြတ်ဆက်လက် ကြိုးပမ်းအားထုတ်သွားရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရန်လိုကြောင်း၊ ထို့အပြင် ဆေးပညာရပ်နယ်ပယ်တွင် မြင့်မားသည့် ဆေးပညာရပ်များများစွာ ရှိနေသည့်အတွက် ခေတ်အလိုက်ပေါ်ထွက်နေသည့် အသစ်အသစ်သော ပညာရပ်များကို မျက်ခြေမပြတ်စေရေး ဘဝတစ်လျှောက်လုံးတွင် လေ့လာဖတ်ရှုမှတ်သားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။