Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ ၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။

အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းတစ်ထပ် အဆောက်အဦရုံးတစ်လုံး၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဘီရို ၅ လုံး၊ သစ်သားစားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင် ၂၄ စင်၊ လျှပ်စစ်မီတာတစ်လုံး၊ ရုံးသုံးတယ်လီဖုန်းတစ်လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

ထိုသို့ နိုင်ငံတော်ပိုင် ရုံး၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။