နေပြည်တော် ဒီဇင်ဘာ ၂
ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် လိုအပ်သော အရည်အချင်းပြည့်မီသည့် ကျန်းမာရေးလူ့စွမ်းအားစု အမျိုးမျိုးကို အမျိုးသားကျန်းမာရေး စီမံကိန်းလိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးနေသော ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုမိတ်ဆုံ နေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် (၁၂)နာရီတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပသည်။
စုပေါင်းမိတ်ဆုံနေ့လယ်စာ စားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တက်ရောက်လာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးသည့် ဌာနဖြစ်သည့် အလျောက် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့် အချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် ကျရာတာဝန်များကို ပျော်ရွှင်စွာ အင်တိုက်အားတိုက် ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကာ တေးသီချင်းအက၊ အလှများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ကြသည်။
အဆိုပါမိတ်ဆုံစားပွဲတွင် ဝါသနာရှင်ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်)တို့မှ သင်တန်းသား/ သူများက တေးသီချင်းအကများဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြပြီး ဝန်ထမ်းများအတွက်လည်း ကံစမ်းမဲများဖောက်ပေးကာ အခမ်းအနားကို ပျော်ရွှင်စွာကျင်းပ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်