နေပြည်တော် ဒီဇင်ဘာ ၁
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် နောင်လှိုင်-ပင်တီးကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်ငါးဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းခွင်နှင့် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာ ရွာတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နောင်လှိုင်-ပင်တီး ကျေးရွာ ချင်းဆက်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ယင်းလမ်းပြီးစီးပါက စိုက်ပျိုး မြေဧက ၇၂၀ ကျော်မှထွက်ရှိသော လယ်ယာထုတ်ကုန်များ စီးဆင်းမှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် ကြီးကိုင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၂၄၅၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ကိုးလက်မထု ကတ္တရာခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြီးကိုင်ကျေးရွာသို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူ ကျေးရွာသားများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကျေးရွာ၏ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြရန်နှင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးနှင့် ကျေးရွာ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြဆွေးနွေးမှုများကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကြီးကိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်