နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် ပဒေသာကပွဲ (ဆဋ္ဌမနေ့) ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ ဝန်ထမ်းမိသားစုများ၊ တပ်မတော်သား မိသားစုများ၊ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ကပြဖျော်ဖြေ
ပဒေသာကပွဲတွင် ဦးနန်းညွန့် ဆွေ (မန္တလေး) ဇာတ်ညွှန်းရေးဖွဲ့ပြီး ဖြစ်ရပ်မှန်သမိုင်းကို အခြေပြု တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ပြဇာတ်ကြီး၌ပါဝင်သည့် ဘုရား ကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ်၊ အပျိုတော်ထွက်ခန်း၊ နှစ်ပါးသွားခန်း၊ ဘုရင့်နောင် မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ်ညီလာခံခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင် နောင်နှင့် ရာဇဓာတုကလျာ တွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာလေ့ကျင့်ခန်း၊ နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်မည့်အကြောင်းအား ပြည်သူ၊ ပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်းနှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက်လက်နက်ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းအပါများ အစည်းအဝေးပြုလုပ်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာတွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှတပ်မှူး၊ ဗိုလ်မှူးများနှင့်တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူဂီတပ်နှင့် အပေါင်းအပါ တောင်ငူတပ်များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့်ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်း ပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲနန္ဒမိတ်မှ ငဇင်ကာနှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအားစစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက်ခန်းနှင့် ဇာတ်သိမ်းခန်းတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များက ဆို၊ ငို၊ ပြော ပညာရပ်များနှင့် ပေါင်းစပ်၍ အနုပညာရသမြောက်စွာ ကပြဖျော်ဖြေ တင်ဆက်ကြသည်။
အကြီးကျယ်ဆုံးပဒေသာကပွဲကြီး
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်အတွက် နိုင်ငံတော်အဆင့်အခမ်း အနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေသည့်ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ်ကျင်းပသည့် အကြီးကျယ်ဆုံး ပဒေသာကပွဲကြီးလည်း ဖြစ်သည်။
ယခုကျင်းပခဲ့သည့် ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာ ရှင်များက နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ လည်းကောင်း၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ အနုပညာရှင်များက နိုဝင်ဘာ ၂၉ ရက်တွင် လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တွင် လည်းကောင်း နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ မြိုင်ဆိုင်စွာ ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယနေ့ ဖျော်ဖြေတင်ဆက်သည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးကို ၂၀၂၃ ခုနှစ် တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံကြီး၌ အများပြည်သူများကို ဆက်လက်ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်