Skip to main content

SEANF ၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum)၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို SEANF ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအမ်ဂါမြို့၌ Hybrid Format ဖြင့် ကျင်းပခဲ့ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ တီမော လက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက In-person အနေဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းသုံးဦးတို့က Online Platform အသုံးပြု၍ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက နိုင်ငံမဲ့ဖြစ်မှုကို တားဆီးကာကွယ်ရေးနှင့် နိုင်ငံမဲ့ဖြစ်နေသူများ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခြင်း၊ ဖိုရမ်၏ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး ကာလနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း တစ်ရပ်ချင်းအလိုက်၏ ဆောင်ရွက်ချက်များနှင့် အဓိကဖြစ်ပေါ် တိုးတက်မှုကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း၊ ဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ ဦးစားပေးအကြောင်းအရာ (၅) ရပ်အလိုက် တာဝန်ယူထားသည့် ဖိုရမ်အဖွဲ့ဝင်ကော်မရှင်များက ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြခြင်း၊ SEANF နှင့် AICHR ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ SEANF နှင့် Plan International၊ ANNI တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်းစသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသောကိစ္စရပ်များကို ဆွေးနွေးသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်း အဖွဲ့အစည်းအဝေးကာလနောက်ပိုင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက် ချက်များနှင့် အဓိကဖြစ်ပေါ် တိုးတက်မှုများ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသည့် ဖိုရမ်၏မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)၏ ဦးစား ပေးအကြောင်းအရာ (၂)ဖြစ်သော “စီးပွားရေးလုပ်ငန်း များဆောင်ရွက်ရာ၌ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရေး” နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများနှင့် အထွေထွေဆွေးနွေးမှုများတွင် သုံးသပ်အကြံပြုဆွေးနွေးခဲ့သည်။

နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ဖိလစ် ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ၂၀၂၃ ခုနှစ်တွင် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ ဖိုရမ်ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

သတင်းစဉ်