နေပြည်တော် ဒီဇင်ဘာ ၁
စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် ကင်ဆာရောဂါ ဆေးပညာဆိုင်ရာ ဥရောပအဖွဲ့အစည်း၏ အာရှဒေသနှစ်ပတ်လည် ညီလာခံ (European Society of Medical Oncology Asia Annual Congress 2022) သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာနမှ ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်များဖြစ်ကြသော ဒေါက်တာရွှေစင်ဝင်း၊ ဒေါက်တာအိဟေမာမြင့်ရီ၊ ဒေါက်တာနှင်းသဉ္ဇာစိုး၊ ဒေါက်တာသီရိထွန်း၊ အထွေထွေရောဂါကုဆေးရုံကြီး (ပြည်မြို့)မှ ဒေါက်တာ သက်နှင်းဖြူတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ကင်ဆာရောဂါ ဆေးပညာဆိုင်ရာ ဥရောပအဖွဲ့အစည်း၏ အာရှဒေသ နှစ်ပတ်လည် ညီလာခံသည် ကမ္ဘာတစ်ဝန်းမှ ကင်ဆာရောဂါဆေးပညာရှင်များ စုစည်းကာ ကင်ဆာရောဂါကုသမှုများနှင့် စပ်လျဉ်း၍ နောက်ဆုံးပေါ်တွေ့ရှိချက်များ၊ တိုးတက်မှုများအား မျှဝေကြသည့် နှစ်စဉ်ကျင်းပသော ညီလာခံဖြစ်ပြီး ယင်းညီလာခံကို တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာမှ ဆေးပညာရှင်များနှင့်လည်း အတွေ့အကြုံများ ဖလှယ်နိုင်သည့်အပြင် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ပိုမိုကောင်း မွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်သည်။
သတင်းစဉ်