Skip to main content

၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ နေပြည်တော်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရည်ရွယ်ကျင်းပ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ် ဒီဇင်ဘာ ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာပူးပေါင်းပါ၀င်၍ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လုံးဝကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်ထား၍ ကျင်းပကြကြောင်း။

ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Equalize” “အေအိုင်ဒီအက်စ်ပပျောက်ဖို့၊ မညီမျှမှုများလျှော့ချလို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဖြစ်ပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကင်းဝေးသော အနာဂတ်ကို ဖော်ဆောင်ရာတွင် အိပ်ချ်အိုင်ဗွီ ကာကွယ် ကုသရေးဝန်ဆောင်မှုများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိအောင် ဆောင်ရွက်လျက်ရှိရာတွင် မညီမျှမှုများရှိပါက ဝိုင်းဝန်းအဖြေရှာ၍ လူတိုင်းလုံခြုံ စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်အကုန်၌ လူဦးရေ ၂၇၀၀၀၀ ကျော် အိပ်ခ်ျအိုင်ဗွီ

ပိုးကူးစက်ခံနေရသည့်အတွက် သုည ဒသမ ၆၄ ရာခိုင်နှုန်းအထိ ရောဂါပိုး တွေ့ရှိနေကြောင်း၊ ရောဂါ အသစ်ကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါပိုးအသစ်ကူးစက်ခံရသူ ၃၀၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၁၀၀၀ ခန့် အထိ ကျဆင်းလာသည်ကို တွေ့ရကြောင်း။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အမြင့် မားဆုံးဖြစ်သည်ကို တွေ့ရကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနည်းဗျူဟာသစ်ဖြစ်သည့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုမှကာကွယ်ရန် ကြိုတင်ဆေးတိုက်ကျွေးခြင်း (Pre Exposure Prophylaxis (PrEP) လုပ်ငန်း ကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းများရရှိသည့်အတွက် အမျိုးသားချင်း ချစ်ခင်စုံမက်သူများအကြား PrEP ဆေးတိုက်ခြင်းအား ပုံမှန်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း တစ်ခုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တို့တွင် PrEP ဆေးတိုက်ကျွေးခြင်း ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် အိပ်ချ်အိုင်ဗွီ ရောဂါပိုးရှိ၊ မရှိ မိမိဘာသာစစ်ဆေး ခြင်း(Self-testing) ရှေ့ပြေးစီမံချက်ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း။

အဓိကထောက်ပံ့ပေးလျက်ရှိ

မြန်မာနိုင်ငံအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့်ရန်ပုံငွေကို ကျန်းမာရေးဝန်ကြီးဌာနက အဓိကထောက်ပံ့ပေးလျက်ရှိပြီး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကလည်း ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အိပ်ခ်ျအိုင်ဗွီရောဂါ ကုသဆေး(ART) နှင့်ဆေးပစ္စည်းများ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၆ သန်းအား နိုင်ငံတော်ဘဏ္ဍာငွေမှ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူလူထုအခြေပြုအဖွဲ့ အစည်းများ၏ကိုယ်စား ဦးနေလင်းက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ အရေးကြီးမှုနှင့် ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၏ လိုလားမျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်